ကျောက်တော်မြို့နယ်က စစ်ကောင်စီဗျူဟာစခန်းကို AA သိမ်းပိုက်
2024.01.08

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား နှစ်ရာဝန်းကျင်ရှိတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းက စစ်ကောင်စီတပ်သားအားလုံး ရက္ခိုင့်တပ်တော် (AA) ထံကို လက်နက်ချခဲ့တယ်လို့ ဇန်နဝါရီ ၈ ရက်နေ့ညမှာ AA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ AA အဖွဲ့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းတွေက ရဲဘော်တချို့လည်း စစ်ရေးအတွေ့အကြုံယူဖို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဘယ်အဖွဲ့တွေဆိုတာကိုတော့ တိတိကျကျ ထည့်သွင်းပြောဆိုတာမရှိပါဘူး။
ထုတ်ပြန်ချက်မှာတော့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့ပေမဲ့ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဘယ်လိုဆောင်ရွက်မလည်းဆိုတာကိုတော့ ထည့်သွင်းပြောဆိုတာမရှိပါဘူး။
တောင်ရှည်တောင်ဗျူဟာစခန်းကတပ်သားတွေ လက်နက်ချခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကိုလည်း AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေပြီး ပလက်ဝမြို့နယ် အနောက်ဘက်က စခန်းအားလုံးကို သိမ်းဆည်းထားနိုင်ပြီ ဖြစ်တဲ့အပြင် ကျန်ရှိနေတဲ့ စခန်းတချို့ကိုလည်း ဒီရက်ပိုင်းထဲမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ သင်းကျစ်တော်တောင်စခန်းကိုလည်း ဇန်နဝါရီလ ၇ ရက်နေ့မှာ AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။