၂၁ ရာစု ပင်လုံညီလာခံမှာ AA ပါဝင်စေဖို့ ANP တိုက်တွန်း


2016.05.02
waiseinaung-anp-620.jpg ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် ကို မေလ ၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တွေ့ရစဉ်
.

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး AA တပ်မတော်ကို ၂၁ ရာစု ပင်လုံညီလာခံမှာ ဖိတ်ခေါ်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင် က အမျိုးသားလွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။

ထာဝစဉ်ငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် AA တပ်မတော်ကို ၂၁ ရာစု ပင်လုံညီလာခံကို ဖိတ်ခေါ်ဆွေးနွေး သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က ပြောကြားပါတယ်။

"လူမျိုးတိုင်းမှာ မျိုးဆက်ဆိုတာရှိပါတယ်၊ မျိုးချစ်စိတ်ဆိုတာလည်း ရှိတာပါပဲ၊ AA တပ်မတော်ကို နိုင်ငံရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ လိုအပ်ပါတယ်၊ ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား အခွင့်အရေး ဖြေရှင်းနိုင်အောင်အထိ AA တပ်မတော်ကို ခေါ်ယူဆွေးနွေးရမှာဖြစ်ပါတယ်၊ အဲ့ဒါမှ အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်နိုင်မှာဖြစ်ပြီး ရေရှည်ထာဝစဉ် ငြိမ်းချမ်းရေးကိုလည်း ရရှိလာမှာဖြစ်ပါတယ်"

အဲ့ဒီအဆိုမှာ AA တပ်မတော်လို့ သုံးနှုန်းထားတာကို တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက်ရာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက AA လက်နက်ကိုင်အဖွဲ့လို့သာ သုံးနှုန်းဖို့ ပြောကြားခဲ့ပါတယ်။

"ဦးဝေစိန်အောင် တင်တဲ့ အရေးကြီးအဆိုကတော့ AA တပ်မတော်ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း အဆိုဖြစ်ပါတယ်၊ ခုနက တပ်မတော်သား ကိုယ်စားလှယ်ပြောသလို AA တပ်မတော်ဆိုတာ မရှိဘူးဆိုတဲ့အတွက်ကြောင့်မို့ ကျနော်နုတ်ပေးပါမယ်၊ AA လက်နက်ကိုင်အဖွဲ့လို့ ကျနော်သတ်မှတ်ပေးပါမယ်"

ပြီးခဲ့တဲ့ ဧပြီလ ၁၆ရက်နေ့ကစပြီး မြန်မာ့တပ်မတော်နဲ့ AA တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ ဒေသခံတချို့ ပေါ် တာဆွဲခံရပြီး သေဆုံးတာတွေ ရှိနေကြောင်း၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး ထွက်ပြေးနေရကြောင်း အရေးကြီးအဆို တင်သွင်းတဲ့ ဦးဝေစိန်အောင်က တင်ပြခဲ့ပါတယ်။

အဲ့ဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ သင့် မသင့်ကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတာကြောင့် ဆက် လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပြီး အဲ့ဒီအရေးကြီးအဆိုကို မနက်ဖြန် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြ မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။