ပလက်ဝအခြေစိုက် စစ်တပ်စခန်းအားလုံး သိမ်းယူနိုင်ရေး ကြိုးပမ်းနေကြောင်း AA ထုတ်ပြန်

RFA Burmese
2024.01.09
ပလက်ဝအခြေစိုက် စစ်တပ်စခန်းအားလုံး သိမ်းယူနိုင်ရေး ကြိုးပမ်းနေကြောင်း AA ထုတ်ပြန် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခမရ (၃၀၈) တပ်ရင်းအားတိုက်ခိုက်သည့်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်တော် (AA)က ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည့်ပုံ။
Arakan Army

ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်တဲ့နယ်မြေဖြစ်ဖို့ မြို့အနီးဝန်းကျင်က စစ်ကောင်စီတပ် လက်ကျန်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပလက်ဝမြို့အနီးက စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခမရ (၃ဝ၈)တပ်ရင်းကို ဇန်နဝါရီလ ၆ ရက်နေ့မှာ AA က သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ တစ်နေ့လုံး ပလက်ဝမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် ခုခံနေသလို့ ရက္ခိုင့်တပ်တော် (AA)ဘက်ကလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော်အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မီးဝဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့လည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကတော့ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

မြောက်ဦးမြို့မှာလည်း စစ်ကောင်စီတပ် ခမရ (၅၄၀)နဲ့ AA တို့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က အရပ်သား သုံးဦးကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ပြီး ပစ်သတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စခန်းအသိမ်းခံရတာနဲ့ အရပ်သား သုံးဦးကို ပစ်သတ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

ကျောက်တော်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား နှစ်ရာဝန်းကျင်ရှိတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းက စစ်ကောင်စီတပ်သားအားလုံး ရက္ခိုင့်တပ်တော် (AA) ထံကို လက်နက်ချခဲ့တယ်လို့ ဇန်နဝါရီ ၈ ရက်နေ့ညမှာ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကိုလည်း AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေပြီး ပလက်ဝမြို့နယ် အနောက်ဘက်က စခန်းအားလုံးကို သိမ်းဆည်းထားနိုင်ပြီဖြစ်တဲ့အပြင် ကျန်ရှိနေတဲ့ စခန်းတချို့ကိုလည်း ဒီရက်ပိုင်းထဲမှာ အပြီးသတ်တိုက်ခိုက်သိမ်းယူသွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။