စစ်ကောင်စီရဲ့ ချင်းလက်ဝစခန်းကို AA တိုက်ခိုက်သိမ်းယူ
2024.01.03

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ချင်းလက်ဝ စခန်းကုန်းကို ဇန်နဝါရီလ ၃ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီစခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ခမောင်း စစ်စခန်းကုန်းကို သိမ်းယူနိုင်ခဲ့ပြီး ဒီစခန်းတွေကို ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
AA အဖွဲ့ဟာ ဒီဇင်ဘာလအတွင်း အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအခြေစိုက်ရာ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်း၊ မြောက်ဦးရဲစခန်းနဲ့ ပလက်ဝမြို့ ခဝဲဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်အတွင်း စစ်ဆင်ရေးအရှိန်တိုးမြှင့်တိုက်ခိုက်နေတာဖြစ်ပြီး ကျန်တဲ့စစ်ရေးပစ်မှတ်နေရာတွေကို တိုက်ခိုက်သိမ်းယူသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။