မြောက်ဦးမြို့မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်
2024.01.09

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်မှာ ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာကနေ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားတချို့ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြောက်ဦးမြို့အခြေစိုက်တပ်ရင်း ခမရ ၅၄၀ နဲ့ AA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးတယ်လို့ သတင်းတွေထွက်နေပေမယ့် အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
“အတော်ဆိုးဆိုးဝါးဝါးပါပဲ။ စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းခေါ်ဆောင်သွားတဲ့နှစ်ယောက်ကို ပစ်သတ်လိုက်တယ်လို့ကြားတယ်”
လက်နက်ကြီးကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူအရေအတွက်နဲ့ သေဆုံးသူတွေရဲ့ အချက်အလက်တွေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမဖြေပါဘူး။
မြောက်ဦးမြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
မြောက်ဦးမြို့ခရိုင်ရဲစခန်းနဲ့ မြောင်းဘွေရဲစခန်းတို့ကို AA က တိုက်ခိုက်သိမ်းယူထားတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။