ULA/AA ဖမ်းထားချိန် သေဆုံးခဲ့တဲ့ ကျောက်ဖြူနယ်ခံအတွက် မိသားစုကို ငွေသိန်း ၂၀ ပေး

RFA Burmese
2023.10.21
ULA/AA ဖမ်းထားချိန် သေဆုံးခဲ့တဲ့ ကျောက်ဖြူနယ်ခံအတွက် မိသားစုကို ငွေသိန်း ၂၀ ပေး ကျောက်ဖြူမြို့နယ် ကျွဲတဲရွာမှ ကိုအောင်နိုင်အား တွေ့ရစဉ်။
Citizen Journalist

အာရက္ခပြည်သူ့အစိုးရ (ULA/AA) ရဲ့ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေး တာကြောင့် သေဆုံးသွားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ် ကျွဲတဲရွာက ကိုအောင်နိုင်အတွက် (ULA/AA) တာဝန်ရှိသူတွေ မိသားစုကိုခေါ်တွေ့ပြီး နစ်နာကြေး ကျပ်သိန်းနှစ်ဆယ်ပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့မှာ မိဘတွေဖြစ်တဲ့ ဦးမောင်သန်းချေနဲ့ ဒေါ်သိန်းရွှေရီတို့ကို ULA/AA တာဝန်ရှိသူတွေ ကမ်းထောင်းကြီးမြို့ကနေတစ်ဆင့် အမ်းမြို့နယ် ဒါလက်ချောင်းဖျားမှာရှိတဲ့ AA ထိန်းချုပ်နယ်မြေထဲခေါ်ပြီး အခုလိုပေးခဲ့တာလို့ ဆိုပါတယ်။

သားဖြစ်သူ သေဆုံးခဲ့ရတဲ့အပေါ် မိဘတွေရဲ့ဆန္ဒကို မေးမြန်းခဲ့သလို အောက်တိုဘာလ ၂၀ ရက်နေ့မှာ (ULA/AA) ဗိုလ်ကြီးတစ်ဦးက ငွေကျပ်သိန်းနှစ်ဆယ်ပေးပြီး ပြန်ပို့ပေးခဲ့တာလို့ ကိုအောင်နိုင်ရဲ့ဖခင် ဦးမောင်သန်းချေက RFA ကို ပြောပါတယ်။

“သူတို့က ဘာပြောလဲဆို‌တော့ ဦးလေးဘက်က လိုအပ်တာကိုတောင်း ကူညီထောက်ပံ့ ပေးမယ်လို့ပြောတယ်။ အမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်စေချင်လဲ တရားရုံးမှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို သူတို့ဘက်ကကူညီဖို့ ငါတို့ကလည်း သေတော့သေသွားပြီ ဘာလုပ်လို့ရတော့မလဲ သူတို့မှာလည်း သူတို့အပြစ်နဲ့ တရားရုံးက ဆုံးဖြတ်တဲ့အတိုင်းပဲ ဘာလုပ်လို့ရတော့မလဲ ဆုံးသွားပြီ အဲဒီက ဗိုလ်ကြီးကတော့ အသက်ကိုငွေနဲ့ပေးပြီး သတ်လိုက်သလိုမျိုးတော့မဟုတ် သူတို့ဆီက ကူညီထောက်ပံ့လိုက်တယ် သူတို့ကတော့ ငွေသိန်း ၂၀ လို့တော့ ပြောတယ် ငါတို့က မရေတွက်ခဲ့ဘူး”

ULA/AA တာဝန်ရှိသူတွေကတော့ သားဖြစ်သူ သေဆုံးသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့က မိသားစုထံ ဖုန်းဆက်အကြောင်းကြားခဲ့သလား၊ အလောင်းကို မိသားစုကိုယ်တိုင် သွားယူခဲ့ရသလား၊ လာပို့တာလား စတာတွေကို မေးမြန်းခဲ့တယ်လို့လည်း ဦးမောင်သန်းချေက ဆိုပါတယ်။

ကိုအောင်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေထဲက ULA/AA ရဲတပ်ဖွဲ့ဝင် တွေကို တာဝန်ရှိသူတွေ စစ်ဆေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဒီအပေါ် RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီအပေါ် ထုတ်ဖော်ပြောဆိုဖို့ မရှိဘူးလို့သာ ပြန်လည်ဖြေဆိုပါတယ်။

ကိုအောင်နိုင်ဟာ ကျောက်ဖြူမြို့ပေါ်မှာ အွန်ဒါ (စက်တပ်လှေ) လုပ်ငန်းလုပ်ကိုင် နေသူဖြစ်ပြီး ကျွဲတဲရွာကို ရောက်ရှိနေချိန် ဆိုင်ကယ်ခိုးမှုသံသယနဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ ULA/AA ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အချုပ်ထဲကနေ ထွက်ပြေးတယ် ဆိုပြီး ULA/AA ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ဖမ်းဆီး ရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။