ရှမ်းမြောက်အတွင်း ခရီးသွား လာမှု ယာယီရပ်ဆိုင်းထားဖို့ လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ကြေညာ ချက်ထုတ်


2016.11.21
aa-kia-mndaa-tnla-statement-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် AA ၊ KIA ၊ TNLA နဲ့ MNDAA တို့ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ခရီးသွားလာမှုတွေကို ယာယီရပ်ဆိုင်းထားဖို့နဲ့ ဒေသခံတွေ ဘေးလွတ်ရာ ကို ပြောင်းရွှေ့နေထိုင်ကြဖို့ KIA၊ AA၊ TNLA နဲ့ MNDAA အဖွဲ့တွေပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒေသခံတွေ ထိခိုက်မှုတွေရှိလာမှာစိုးတဲ့အတွက် အခုလိုအရေးပေါ်ကြေညာချက်ထုတ်ပြန်တာ ဖြစ်တယ်လို့ ရခိုင်တပ်မတော် AA ကပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။

"ပြည်သူတွေကို ဘာမှထိခိုက်နစ်နာမှု မဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ အဲ့လိုပြောတာဖြစ်တယ်။ အခုလက်ရှိအနေအထားကတော့ နည်းနည်းရှုပ်ထွေးနေတဲ့ အနေအထားပေါ့ဗျာနော်။ အဲဒီနှစ်ဖက်စစ်တပ် ရင်ဆိုင်ဖြစ်နေတဲ့ နေရာတွေကတော့ စစ်ရေးအရ တော်တော်ရှုပ်ထွေးနေတဲ့ဒေသတွေဆိုတော့ အဲ့ဒီမှာရှိတဲ့ ခရီးသွားပြည်သူတွေကို ကျနော်တို့က ဘာမှထိခိုက်နစ်နာစေချင်တဲ့ ဆန္ဒမရှိဘူး။ အဲဒါကြောင့်မို့လို့ ပြည်သူတွေ ဘာမှအထိခိုက်နစ်နာမရှိရအောင်လို့ ကျနော်တို့ အဲ့လို အရေးပေါ်ထုတ်ပြန်ရတာဖြစ်တယ်။"

နိုဝင်ဘာလ ၂၀ ရက်နေ့ မနေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့က တပ်မတော်တပ်စခန်းတွေနဲ့ ရဲကင်းတွေကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေအပါအဝင် ဒေသခံတွေ စုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အစိုးရတပ်မတော်ဘက်က စစ်ရေးအရ ဖိအားပေးတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်မယ်ဆိုရင် တန်ပြန်လှုပ်ရှား မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အနေနဲ့အတူတကွ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီမှု ရယူထားတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ကို ချန်လှပ်ထားခဲ့ တာကြောင့် အခုလိုအကျိုးဆက်တွေ ဖြစ်လာတာဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ တဆက်တည်းမှာပဲ သိန္နီမြို့အဝင် နမ္မတူတံတား ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာမှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က လုံခြုံရေးဆောင်ရွက်ပေးနေပြီး ခရီးသည်တင်ယာဉ်တွေကို သွားလာခွင့်ပြုထားပါတယ်။ မနေ့က ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနဲ ့အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

သိန္နီ နဲ့ လားရှိုး လမ်းပိုင်းမှာတော့ ခရီးသွားတွေပုံမှန်သွားလာနေကြပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လားရှိုးမြို့အတွင်းမှာ မနေ့ညကတည်းက စက်သုံးဆီဆိုင်တွေကို ပိတ်ထားပြီးရပြီး ရဲတပ်ဖွဲ့က လုံခြုံရေးတွေ ယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။