စစ်ကောင်စီရွေးကောက်ပွဲကို မကူညီဘူးလို့ AA ပြော

RFA Burmese
2023.02.27
စစ်ကောင်စီရွေးကောက်ပွဲကို မကူညီဘူးလို့ AA ပြော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Arakan Army

စစ်ကောင်စီ စီစဥ်‌နေတဲ့ ရွေးကောက်ပွဲကို ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပံ့ပိုးကူညီမှာ မဟုတ်ဘူးလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဖေဖော်ဝါရီ ၂၇ ရက်နေ့ အွန်လိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေဆက်အဖမ်းခံနေရမယ်ဆိုရင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။

“ကျနော်တို့ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေမယ်၊ ပြည်သူတွေ ဆက်ပြီး အဖမ်းခံ နေရမယ်၊ တိုက်ခိုက်ခံနေရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲအဆင်ပြေမှာမဟုတ်ဘူး။ ဒီလိုဆိုရင် ရွေးကောက်ပွဲက ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ULA/AA အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပါပဲ”

မြန်မာအစိုးရအဆက်ဆက် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေရဲ့ ဘဝ တိုးတက်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူမပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တစ်ဖက်မှာလည်း တောင်ကုတ်၊ သံတွဲ၊ မောင်တော စတဲ့ မြို့နယ် တွေက ပြည်သူတွေကို ULA/AA နဲ့ မပတ်သက်ဖို့၊ အဆက်အသွယ် အထောက်အပံ့တွေ မပေးဖို့နဲ့ AA ဟာ တရားမဝင်အဖွဲ့ ဖြစ်တယ်လို့ တစ်ရွာဝင် တစ်ရွာထွက် ပြောဆိုနေတယ် လို့လည်း ဦးခိုင်သုခက စွပ်စွဲခဲ့ပါတယ်။

AA အနေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို  အထူးသတိထားစောင့်ကြည့်နေပြီး အခုလို လုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင် တိုက်ပွဲလမ်းကြောင်းပေါ်ကို အချိန်မရွေး ပြန်ရောက်သွားနိုင်တယ်လို့လည်း ဆိုပါ တယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစလို့ လူသားချင်းစာနာမှုအရဆိုပြီး ယာယီအပစ်ရပ်ခဲ့ကြတာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဇန်နဝါရီလကစပြီး လူဦးရေစာရင်းတွေ ကွင်းဆင်းကောက်ခံနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။