ဖမ်းဆီးခံ NLD အမတ်လောင်း သုံးဦး ဒီနေ့ လွတ်မယ်လို့ သတင်းထွက်နေ

2021.01.01
ဖမ်းဆီးခံ NLD အမတ်လောင်း သုံးဦး ဒီနေ့ လွတ်မယ်လို့ သတင်းထွက်နေ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည့်ဓာတ်ပုံ
Photo: Screenshot from press release by AA

ရက္ခိုင့်တပ်တော် AAက အချိန် နှစ်လ ကျော်ကြာဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့ တာဝန်ရှိသူတွေ ဒီဇင်ဘာ ၃၀ ရက်နေ့က တေ့ွဆုံခဲ့ကြပြီးနောက် အခုလို သတင်းတွေ ထွက်လာတာပါ။ ဒီနေ့ လွတ်မယ့်အထဲမှာ NLD အမတ်လောင်း သုံးယောက်အပြင် တပ်မတော်သား သုံးယောက် လည်းပါတယ်လို့ သတင်းတွေကြားနေရတဲ့အကြောင်း တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက RFA ကို ပြောပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး လွတ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးသူတစ်ဦးနဲ့ အောက်ခြေအဆင့် တပ်မတော်အသိုင်းအဝိုင်းက သူတို့ ပြန်လွတ်လာမယ်ဆိုတာကို RFA ကို ဒီနေ့မနက်က ပြောပါတယ်။

NLD ပါတီဝင် သုံးဦးအပြင် AA အဖွဲ့က ထိန်းသိမ်းထားတဲ့ တပ်မတော်သား စစ်သုံ့ပန်းတွေထဲက ကျန်းမာရေးမကောင်းသူ သုံးဦးကိုလည်း ဒီနေ့ ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ စစ်သုံ့ပန်းတွေ လွှတ်၊ မလွှတ်ကိစ္စနဲ့ NLD အမတ်လောင်း သုံးယောက် ဒီနေ့ ပြန်လွတ်မယ့်သတင်း ထွက်နေတဲ့ကိစ္စကို အတည်ပြုဖို့ RFA က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာတော့ သူ့အနေနဲ့ သေချာမသိရသေးဘူးလို့ ပြောပါတယ်။ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း သတင်းတွေ ကြားနေပေမယ့် တရားဝင် အဆက်အသွယ် ရထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

NLD ပါတီဝင် သုံးဦးကို မင်းပြား၊ အမ်း၊ ပလက်၀ မြို့နယ်တစ်ခုခုမှာ အောက်ခြေတပ်ဖွဲ့တွေကနေတဆင့် လွှတ်ပေးမှာဖြစ်ပြီး ဘယ်မြို့နယ်က လွှတ်ပေးမယ်ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်မဖြေသေးပါဘူး။

ပြန်လွတ်လာမယ့် သူတို့ သုံးဦးကို တပ်မတော်ရဟတ်ယာဉ်နဲ့ စစ်တွေမြို့ကို ခေါ်ဆောင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖဲ့ွ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သူ မသိသေးဘူးလို့ ပြောပါတယ်။

ဒေါ်နီနီမေမြင့်ရဲ့ ခင်ပွန်း ဦးလင်းနိုင်က သူတို့ သုံးဦး ပြန်လွတ်လာမယ့်သတင်းကို ကြားသိထားရပေမယ့် မိသားစုနဲ့ အဆက်အသွယ်တော့ မရသေးဘူးလို့ RFA ကို ဒီနေ့ မနက် ၁၀ နာရီ မိနစ် ၂၀ က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့က မဲဆွယ် စည်းရုံးရေးဆင်းနေစဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။