AA အတွက် စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး ရှစ်သောင်းကျော် ထိုးပေးမည်

(၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်တွင် ပြင်ဆင်ရေးသားထားသည်။)
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA)က တောင်းဆိုထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး ရှစ်သောင်း ရှစ်ထောင်ကျော်ကို AA တပ်ဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေ ကို ထိုးပေးနေပြီလို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို ဒီကနေ့ပြောပါတယ်။
လက်ရှိမှာတော့ AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ လေးထောင်ကျော်ကို ကာကွယ်ဆေးထိုးပြီး သွားပြီလို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။
“ရခိုင်မှာ AA ကတောင်းထားတဲ့ ကိုဗစ်ကာကွယ်ဆေး ရှစ်သောင်းရှစ်ထောင်ကျော်ကို AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို ကာကွယ်ဆေး ထိုးပေးနေတယ်။ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေမှာ ဒီဆေးတွေကို ထိုးပေးပါ ဆိုပြီးတော့ပေါ့။ အဲဒီအထဲမှာ AA တပ်ဖွဲ့ဝင် တွေလည်းပါတယ်။ ဒေသခံတွေလည်း ပါတယ်။ ဥပမာ အိမ်တစ်အိမ်မှာ AA တစ်ယောက် ရှိရင် မိသားစုငါးယောက် ပါရင်လည်းပါမယ်။ အားလုံးကတော့ ထိုးလို့မပြီးသေးဘူး။ ကာကွယ်ဆေး ထိုးတဲ့အခါမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်နဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်နေ့ဘယ်ရက် လာထိုးပေးပါ ဆိုတော့မှ ထိုးရတာပေါ့နော်။ လောလောဆယ် တစ်သောင်းအောက်လောက်ပဲ ထိုးပေးနိုင်သေးတယ်။ ရှေ့လက ထိုးလို့မပြီးခဲ့တော့ ဒီလထိုးမယ်ဆိုရင်လည်း ထိုးမယ်”
ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာ ဇန်နဝါရီလစလို့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတာဖြစ်ပြီး စုရပ်အခြေအနေတွေကြောင့် အကုန်လုံးကိုတော့ ထိုးမပေးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
အခုထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (Covishield) ကာကွယ်ဆေးအမျိုးအစား ဖြစ်ပြီး ကာကွယ်ဆေးတွေလည်း အဆင်သင့် ရှိနေတာကြောင့် ဆက်လက်ထိုးပေးသွားဖို့ အစီအစဉ်ရှိတယ်လို့လည်း ဒေါက်တာစိုးဝင်းပိုင် က ပြောပါတယ်။
အခုလို စစ်ကောင်စီက ကာကွယ်ဆေး ထိုးပေးနေတာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ဖြစ်ပြီး အခုဆိုရင် တိုက်ပွဲတွေ ရပ်စဲနေတာ တစ်နှစ်ကျော်ရှိသွားပြီ ဖြစ်ပါတယ်။