သံတွဲလေဆိပ်ကို သိမ်းပြီးနောက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA ဆက်လက်ထိုးစစ်ဆင်
2024.06.27
ရခိုင်ပြည်နယ်၊ သံတွဲမြို့လေဆိပ်ကို သိမ်းယူပြီးနောက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၆၆) နဲ့ ခြေလျင်တပ်ရင်း ခလရ (၅၅) ကို ရက္ခိုင့်တပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင်နေပြီး ဇွန်လ ၂၇ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငပလီ ကမ်းခြေအနီးက လေဆိပ်ကို ဇွန်လ ၂၂ ရက်မှာ AA က သိမ်းယူခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီတပ်ကလည်း လက်ကျန်စခန်းတွေ ထပ်မဆုံးရှုံးဖို့ ကြည်း၊ ရေ၊ လေ တပ်သုံးခုပေါင်းပြီး ခုခံနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော အဆက်မပြတ် ကြားရတယ်။ မနေ့ကလည်း အတော်ပြင်းထန်တယ်။ ငပလီကမ်းခြေတစ်လျှောက်ဖြစ်နေတာ။ ဂျက်လေယာဉ်နဲ့လည်း တစ်ညလုံး ဗုံးလာကြဲတယ်။ ပြီးရင် ရေတပ်ကလည်း လက်နက်ကြီး လှမ်းပစ်တာရှိတယ်။ ဒီနေ့ မနက်ကလည်း တိုက်ပွဲဖြစ်သံကြားနေရတယ်”
ဒေသခံတွေကတော့ ဂွမြို့နယ်နဲ့ တခြား နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်နဲ့ မောင်တော၊ တောင်ကုတ်တို့မှာလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။