ဂွမြို့က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်တိုက်ခိုက်
2024.12.15

ရခိုင်ပြည်နယ်၊ ဂွမြို့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။
မြို့မရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၆၃)ကို AA က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း ခြေမြန်တပ်ရင်း ခမရ (၅၆၂) နဲ့ ပူးပေါင်းပြီး ခုခံနေတယ်လို့ ဆိုပါတယ်။
ဂွမြို့မှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံတချို့လည်း ပိတ်မိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မြို့မရပ်ကွက် အလယ်ရွာဘက်အခြမ်းက ခမရ (၅၆၃) တပ်ကို တိုက်နေတာ။ စစ်တပ်ဘက်ကလည်း ခမရ (၅၆၃) တပ်နဲ့ (၅၆၂) တပ်နဲ့ ပေါင်းပြီး ပြန်တိုက်နေတယ်။ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေက ညတုန်းက တော်တော်ကြားရတယ်။ ဒေသခံတွေကတော့ ညက တစ်ညလုံး ပုန်းပြီး တိမ်းရှောင်နေရတယ်။ တချို့တလေလည်း သူတို့ မပြောင်းတော့ဘူးလို့ တွေးထားတဲ့အတိုင်း ကြိုတင်စီစဉ်ထားတဲ့နေရာတွေမှာ ပုန်းအောင်း ဝပ်နေရတာပေါ့"
တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ နောက်ထပ် ဂွမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ဧရာဝတီတိုင်းဘက်ကို ပြောင်းရွှေ့သွားပြီး ရဲစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ကျန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နယ်က ကျိန္တလီမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအပြီး လေးလအကြာ ဂွမြို့က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ဂွမြို့နယ်က စစ်ဘေးဒုက္ခသည် ၁၃,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ကုတ်မြို့က စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။