တပ်မတော်ရေယာဉ်ကို တိုက်ခိုက်ခဲ့တဲ့ နေရာအနီးမှာနေထိုင်သူ ခြောက်ဦးကို စစ်ဆေးနေ
2019.06.23
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီးကို AA အဖွဲ့က မနေ့က တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး လူ ခြောက်ဦးကို ရဲနဲ့ တပ်မတော်က စစ်တွေခရိုင် ရဲတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝမှာရပ်နားထားတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ် တစ်စီးကို AA အဖွဲ့က မနေ့က ရှော့တိုက်ဒုံး သုံးလုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် စစ်သည် နှစ်ဦးကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ဆက်နွယ်ပြီး ရှော့တိုက်ဒုံးပစ်ခတ်ခဲ့တဲ့ ခြံဝန်းထဲက ခြံစောင့်မိသားစု လေးဦးနဲ့ ကယုချောင်း ဘုန်းတော်ကြီးကျောင်းတိုက် စစ်ဘေးကယ်ဆယ်ရေးစခန်းက လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က မနေ့ကခေါ်ယူ စစ်ဆေးနေတယ်လို့ စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက ပြောပါတယ်။
“မနေ့က စိုးနိုင်လင်းနဲ့ မောင်ကျန်သူ အဲဒီနှစ်ယောက်ရယ် နောက်ပြီးတော့ အောင်နိုင်ဝင်းက ဆီရောင်းချဖို့ဆိုပြီး မြေရှင်းနေတဲ့ အစောင့်မိသားစုလေးယောက် အားလုံးစုစုပေါင်း ခြောက်ယောက်ကို အမှတ်(၁) ရဲစခန်းမှာစစ်ပြီးတော့ သူတို့ကို ခရိုင်ရဲမှူးရုံးကိုခေါ်သွားတယ်လို့ သိရတယ်။ အခုကျွန်တော် သိရသလောက်ကတော့ ခရိုင်ရဲရုံးမှာ ရဲနဲ့ စစ်တပ်နဲ့ နှစ်ဖွဲ့ပေါင်းပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်”
ကယုချောင်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းကနေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အဲဒီလူငယ်နှစ်ဦးရဲ့ အဒေါ်ဖြစ်သူ ဒေါ်လှလှနုက အခုလို ပြောပါတယ်။
“အဲဒီကလေးနှစ်ယောက်က ညဦးပိုင်းမှာ ဆတ်ရိုးကျတံတားအောက်မှာ ငါးမျှားဖို့သွားပါတယ်။ ငါးမျှားလို့ပြီးရင် အဲဒီကလေးနှစ်ယောက်က ညဆယ်နာရီလောက်မှာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းကို ပြန်လာပါတယ်။ နောက်တစ်နေ့မနက် ၁၀ နာရီလောက်မှာ အမှတ်(၁)ရဲစခန်းက အရပ်ဝတ်နဲ့ရဲ ငါးဦးက အဲဒီကလေးတွေကို ခေါ်သွားပါတယ်။ ခေါ်သွားတဲ့အခါမှာ သူတို့ကို စစ်ဆေးစရာရှိလို့ခေါ်တာလို့ ပြောပါတယ်”
အဲဒီလူငယ်နှစ်ဦးကို ပစ်ခတ်မှုဖြစ်ပွားတဲ့နေ့က ငါးမျှားလို့အပြန်မှာ စီစီတီဗီလုံခြုံရေးကင်မရာကနေ တဆင့် မြင်တွေ့ရတာဖြစ်ပြီး သူတို့နှစ်ဦးကို အမှတ်(၁)မြို့မရဲစခန်းမှာ ကနဦးစစ်ဆေးပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ဆက်လက်စစ်ဆေးနေတာလို့လည်း ဒေါ်လှလှနုက ပြောပါတယ်။
အခုလို ဒေသခံတွေကို ခေါ်ယူစစ်ဆေးနေတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးကို RFA ကမေးမြန်းခဲ့ရာမှာ မှုခင်းဖြစ်စဉ်တစ်ခုအတွက် ပုံမှန်လုပ်နေကျအတိုင်း စစ်ဆေးနေတာဖြစ်တယ်လို့ ပြောဆိုပြီး ခေါ်ယူစစ်ဆေးနေသူ အရေအတွက်ကို ဆက်လက်မေးမြန်းရာမှာတော့ သူ့အနေနဲ့မသိဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
AA အဖွဲ့က ရှော့တိုက်ဒုံးပစ်ခတ်ခဲ့တဲ့ ခြံဝန်းထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၃၀ ကျော်ကို ရဲတပ်ဖွဲ့က အမှတ်(၂)ရဲစခန်းမှာ မနေ့ညက ခေါ်ယူစစ်ဆေးခဲ့ပြီး ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
အဲဒီအလုပ်သမား ၃၀ ကျော်ထဲမှာ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး ၂၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
မနေ့ကခေါ်ယူစစ်ဆေးခံရတဲ့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
“ညနေ ၆ နာရီလောက်မှာ သူတို့က ရဲစခန်းကိုခေါ်သွားပါတယ်။ ရဲစခန်းမှာပဲ စစ်တာပါ။ ပေါက်ကွဲသံတွေနဲ့ ပတ်သက်လို့ စစ်ဆေးချက်တွေယူပါတယ်။ မေးမြန်းတာကတော့ အစုံပါပဲ။ သူတို့ကစစ်တာကလည်း ပေါက်ကွဲတာနဲ့ပတ်သက်လို့စစ်တယ်။ အခြားလူတွေကိုလည်း ဒီလိုစစ်တယ်။ အဲဒီလိုစစ်တာ ညနေ ခြောက်နာရီလောက်ကနေ ည နှစ်နာရီထိုးသွားတယ်။ အဲဒီလိုစစ်ဆေးပြီးမှာ ကျွန်တော်တို့က အိပ်ဖို့ပြန်ရတယ်။ မိုးလင်းလို့ ဒီနေ့မနက် ရှစ်နာရီလောက်မှာ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်”
AA အဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့တဲ့ ခြံဝန်းထဲမှာ တပ်မတော်ဘက်က မနေ့ကစပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတာတွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အဲဒီအနီးမှာရှိတဲ့ ကျေးတောကျေးရွာအဝင်ဝနားမှာ တပ်မတော်က မနေ့က လုံခြုံရေးယူပြီး ရဲတပ်ဖွဲ့က ကျေးရွာထဲ ဝင်ရောက်စစ်ဆေးတာတွေရှိခဲ့ပေမယ့် ဒီနေ့မှာတော့ လုံခြုံရေးတွေအားလုံး ပြန်ရုပ်သွားပြီလို့ ရွာသားတွေက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA အဖွဲ့ရဲ့လုပ်ရပ်ဟာ အများပြည်သူသွားလာနေတဲ့ ရေလမ်းကြောင်း အဆင်ပြေချောမွေ့ရေးမှာ အနှောင့်အယှက်တွေဖြစ်စေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က မြို့ပေါ်နဲ့ပတ်သက်ပြီးတော့ လုံခြုံရေးဆောင်ရွက်လျှက်ရှိတယ်။ ပစ်ခတ်ခဲ့တဲ့နေရာကလည်း စစ်တွေမြို့ထဲကိုဝင်တဲ့ ရေလမ်းကြောင်းပေါ့။ အဲဒီနေရာမှာ ကျွန်တော်တို့ သင်္ဘောတွေအတော်များများ၊ ခရီးသည်တင်သင်္ဘောတွေ အတော်များများ အသုံးပြုနေတဲ့နေရာဖြစ်တယ်ပေါ့။ ဒီဟာတွေဆောင်ရွက်ခြင်း အားဖြင့်ကတော့ ကျွန်တော်တို့ ဒီလမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးကို အဓိကအားဖြင့် အနှောင့်အယှက်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်”
ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ တပ်မတော်က အင်အားတွေ တိုးမြှင့်ပို့ဆောင်ဖို့အတွက် အသုံးချတဲ့နေရာဖြစ်လို့ စစ်ရေးအရတုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ RFA ကို မနေ့က ပြောဆိုထားပါတယ်။
မနေ့ကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတဲ့ ဒေသခံတွေဟာ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့လည်း RFA ကို ဒီနေ့ ပြောပါတယ်။
“အဲဒီဥစ္စာကတော့ အရပ်သားတွေပဲဗျ။ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့လူတွေ တစ်ယောက်မှမပါဘူး။ သူတို့ကတော့ ထုံးစံအတိုင်းပဲပေါ့နော်။ ဗမာစစ်တပ်က သူတို့အထိအခိုက် အကျအဆုံးရှိပြီဆိုလို့ရှိရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့မှ မတရားဖမ်းဆီး၊ နောက်ပြီးတော့ မတရားပုဒ်မတွေတပ်ပြီးတော့မှ အဲလိုမျိုး မတရားလုပ်နေတဲ့ ဥစ္စာကတော့ အများကြီးရှိနေတယ်။ ဆိုတော့ အခုဖမ်းဆီးတဲ့လူတွေကတော့ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှုမရှိဘူး”
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေ စတင်ပြင်းထန်လာနေခဲ့တာပါ။
မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေဟာ နှစ်ဘက်တိုက်ပွဲ အပြင်းထန်ဆုံးနဲ့ အများဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေဖြစ်ပြီး တိုက်ခိုက်မှုတွေဟာ အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့အထိ ပထမဆုံးအကြိမ်အဖြစ် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ဇွန်လ ရှစ်ရက်နေ့အထိ မိနစ် ၃၀ အထက် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲပေါင်း ၂၃၀ ကျော်ရှိနေပြီလို့ သိရပါတယ်။
RFA ကလေ့လာချက်အရ ဒီတိုက်ပွဲကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုဟာ လူ ၆၀ ခန့်အထိရှိနေပြီး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရသူကတော့ လူဦးရေ ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့တွေရဲ့စာရင်းတွေအရ စစ်ဘေးသင့်လူဦးရေဟာ လေးသောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။