သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA က ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့


2019.03.01
aa-arrested-2ppl-free-622.jpg ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာစဉ်
Photo: San

ရက္ခိုင့်တပ်မတော် AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို ဖမ်းဆီးထားတဲ့ ၅ ရက်တာ ကာလအတွင်း AA အဖွဲ့က အုပ်ချုပ်ရေးမှူးကို ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ကာယကံရှင်က RFA ကို ပြောပါတယ်။

သေနတ်တွေနဲ့ ထုနှက်ရိုက်ခဲ့တာကြောင့် ရင်ဘတ်၊ ကျော၊ ခေါင်း၊ ခြေထောက်တွေမှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချာဟော် ကပြောပါတယ်။

သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးတို့ကို AA က ရက္ခိုင့်တပ်မတော် စစ်ကြောင်းနေရာတွေကို အစိုးရထံ သတင်းပေးတယ်ဆိုပြီး အခုလ ၂၂ ရက်နေ့က ရွာထဲကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၂၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဗဟိုဌာနချုပ်က ပြန်လွှတ်ပေးဖို့ အမိန့်ပေးတာကြောင့် ပြန်လွှတ်တာဖြစ်ကြောင်း AA ရဲ့ အောက်ခြေတပ်မှူးတွေက ပြောကြောင်းနဲ့ နောင်မှာ ပလက်ဝမြို့နယ်အတွင်း AA စစ်ကြောင်းတွေ ဝင်ထွက်သွားလာနေတာတွေကို အစိုးရထံ သတင်းပေးတာတွေ မလုပ်ဖို့ ကတိတောင်းလို့ ပေးခဲ့ရတယ်လို့ ဖမ်းဆီးခံခဲ့ရသူ ဦးချားဟော် က ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်လေ့ရှိတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရက္ခိုင့်တပ်မတော် AA က စစ်ကြောင်းတွေ ဝင်ရောက်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။

ဖမ်းဆီးသွားခဲ့တဲ့ လမ်းကြောင်းတလျှောက်နဲ့ စစ်ဆေးခံရတဲ့ အကြောင်းတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော် က အခုလို ပြောပြပါတယ်။

"၂၂ ရက်နေ့ထဲက ခေါ်သွားတာက ညနေနေဝင် တောင်တက်လိုက်၊ ချောင်းကူးလိုက်၊ ညမှောင်ရင်အိပ်၊ နောက်မိုးလင်း၊ ၅ ညတိတိအဲ့လိုပဲ စခန်းရယ်လို့ မရှိတဲ့နေရာ၊ စစ်ဆေးရေးစခန်းဖွင့်ပြီး စစ်ဆေး၊ နုနုညံ့ညံ့နဲ့ စစ်ဆေးတာမျိုး မဟုတ်ဘဲ ရိုက်ပြီးပုတ်ပြီး သေနတ်တွေနဲ့ထုပြီးမှ စစ်ဆေးခံရတယ်။ ရက္ခိုင့်တပ်မတော်တွေ ရှိတဲ့နေရာကို သတင်းပို့တယ်ဆိုတာကို ဝန်ခံပါ။ ဝန်ခံရင်ခင်ဗျားကို လွှတ်ပေးမယ်။ မဝန်ခံရင်ခင်ဗျားကို သတ်ပလိုက်မယ်ဆိုပြီး နဖူးမှာ ပြောင်းဝတွေနဲ့ချိန်၊ သေနတ်ဒင်တွေနဲ့ ထုပြီးမှ ရိုက်တာက တမျိုးပေါ့"

စခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းခံရမှုကို ကျေးရွာသူ၊ ကျေးရွာသားတွေက ချင်းပြည်နယ်အစိုးရအဖွဲ့ထံ တိုင်တန်းခဲ့သလို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ နီးစပ်ရာတောတောင်တွေထဲကို သွားရောက်ရှာခဲ့ပါတယ်။

ဖေဖော်ဝါရီလ၂၄ ရက်နေ့မှာတော့ ရွာအတွင်းက ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ သူတို့နှစ်ဦး ပြန်လွှတ်ပေးဖို့ ဆုတောင်းပွဲတွေလုပ်ခဲ့ပါတယ်။

ပလက်ဝမြို့နယ်အတွင်းက ချင်းတိုင်းရင်းသားဖြစ်တဲ့ စခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို AA က ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမီဒီယာတွေကတဆင့် ပျံ့နှံ့ခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ဦးချားဟော်က သတင်းမီဒီယာတွေကြောင့် အခုလို ပြန်လည်လွတ်မြောက်လာတာလို့ ထင်မြင်ကြောင်း ပြောပါတယ်။

"ကျနော်လည်း စက်လည်းမဖွင့်ရဲတော့ပါဘူး။ ဒီဆက်သွယ်ရေးကိစ္စနဲ့ပဲ ကျနော် အခုလို စစ်ဆေးခံခဲ့ရတာပါ။ ရက္ခိုင့်တပ်မတော်အကြောင်းကို မြန်မာတပ်မတော်ကို ဖုန်းနဲ့ပဲ သတင်းပေးတယ်ဆိုပြီး စွပ်စွဲပြီးဖမ်းဆီးခံရတာ။ အဲဒါမို့ ဖုန်းကိုလည်း မဖွင့်ရဲတော့ဘူး။ ဒါပေမဲ့ ဒီမီဒီယာကြောင့် ကျနော် ပြန်လွတ်လာတယ်ထင်လို့ ကျနော် ပြန်ဖွင့်တာပါ။ မဟုတ်ရင် ကျနော့်ကို တောတွင်းထဲမှာ သတ်ပစ်တာကြာပါပြီ"

သံတောင်ကျေးရွာအုပ်စုအတွင်း ကျေးရွာ ၁၁ ရွာခန့်ရှိပြီး အစိုးရကို သတင်းပေးနေသူ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရှိနေသေးတာကြောင့် လေး၊ ငါး ဦးခန့်ကို ခေါ်ယူစစ်ဆေးဖို့တွေ ရှိနေသေးကြောင်း AA ရဲ့ အောက်ခြေတပ်မှူးတွေက ပြောတယ်လို့ ဦးချားဟော်က RFA ကို ပြောပါတယ်။

AA က နောက်ထပ်လာရောက်ဖမ်းဆီးမှာကို ကြောက်တဲ့အတွက် သံတောင်ကျေးရွာကနေ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့လည်း ဦးချားဟော် ကပြောပါတယ်။

ဒေသခံတွေရဲ့ ကြောက်ရွံနေမှုတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ဘက်က စီမံဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေအပေါ် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က RFA ကို အခုလို ပြောပါတယ်။

"တပ်ဘက်ကလုံခြုံရေး၊ ရဲဘက်ကလုံခြုံရေးတွေကို ဒါလေးတွေကို တိုးမြှင့်ချထားနိုင်အောင် သက်ဆိုင်ရာအစိုးရအဖွဲ့ကို ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ တိုးမြှင့်ပြီးလုံခြုံရေးချထားမှ အဆင်ပြေမှာဖြစ်တဲ့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဦးချားဟော်နဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ သံတောင်ကျေးရွာစခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာက သူကိုတော့ AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်စစ်ဆေးတာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။

"ကျနော်ကို ရဲစခန်းမှူးတစ်ယောက်အနေနဲ့ ရိုက်တာတော့ မရှိပါဘူးခင်ဗျ။ ကျနော်ကိုကျတော့ ဘာမှ အပြစ်မပြောပါဘူး။ မမေးပါဘူး။ စခန်းမှူးက အပြစ်မရှိပါဘူး။ ရောက်တဲ့ရွာရောက်ရင် လွှတ်ပေးပါမယ် အဲ့လိုပဲ ပြောပါတယ်"

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူကို အတူတကွ ချုပ်နှောင်ထားတာ မဟုတ်ဘူးလို့လည်း ဒုရဲအုပ် ဆလိုင်းဘီးဖာ ကပြောပါတယ်။

သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရစဉ်မှာ ရိုက်နှက်စစ်ဆေးခံရမှုတွေနဲ့ ပတ်သက်ပြီး AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှု မရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။