AA က ဖမ်းသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့စခန်းမှူးပြန်လွတ်လာ


2019.02.27
aa-arrested-2ppl-free-622.jpg ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာစဉ်
Photo: San

အခုလ ၂၂ ရက်နေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်မတော် AA ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာပြီး ဒီနေ့ ညနေ ၅ နာရီခန့်မှာ သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ရက္ခိုင့်တပ်မတော် AA က ဒေသခံ သင်းအုပ်ဆရာတွေနဲ့ ရပ်မိရပ်ဖတွေ စုဝေးပြီး ပြန်လာခေါ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကိုအကြောင်းကြားခဲ့ပြီး ရွာခံလူကြီးတွေက မနေ့က ပြန်သွားခေါ်ခဲ့တာ ဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က RFA ကို ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲက ခူးချောင်းရွာစပ်က တောထဲမှာ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ရွာခံတွေက သွားရောက်မခေါ်ဆောင်ခင်မှာ စိုးရိမ်မှုတွေရှိတဲ့အတွက် သွားရောက်ခေါ်ဆောင်ဖို့ သင့်၊ မသင့် အစိုးရအဖွဲ့ထံ အကြံဉာဏ်တောင်းခံခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့ဖမ်းဆီးခံခဲ့ရစဉ် အခုလ ၂၄ ရက်နေ့မှာ ရွာသားတွေက သံတောင်ကျေးရွာတွင်းမှာရှိတဲ့ ဘုန်းကြီး ကျောင်းနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဖမ်းဆီးခံရစဉ် ကြုံတွေ့ရတဲ့ အခြေအနေတွေကို သိနိုင်ဖို့ ဖမ်းဆီးခံခဲ့ရတဲ့ သံတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ ဒုရဲအုပ်ဆလိုင်းဘီးဖာ တို့ကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားမှု မရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။