ဘူးသီးတောင်မှာ တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်
2019.08.29

ရခိုင်ပြည်နယ် ဘူးသီးတော်မြို့နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေလည်း ထိခိုက်မှုရှိနေပါတယ်။
ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာနဲ့ ဆင်သေပြင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီနေ့မနက် ၁၁ နာရီလောက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ညနေ လေးနာရီလောက်အထိ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အဲဒီကျေးရွာမှာ လူရာနဲ့ချီထွက်ပြေးနေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်တယ်လို့ AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ဒီနေ့မနက်က ဥယျာဉ်သာကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်လုံး မီးလောင်သွားသလို အဲဒီရွာနဲ့ကပ်လျက်ရှိနေတဲ့ ဆင်သေပြင်ကျေးရွာက မွတ်စလင် အမျိုးသမီးငယ်နှစ်ဦး လက်နက်ကျည်စထိမှန်ပြီး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် တပ်မတော်က သုံးဆယ့်တစ်ဘုံ တောင်ကုန်းဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်ချိန်မှာ ထိမှန်သွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံလူကြီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသက ထိပ်ထူးပေါက်ကျေးရွာမှာ မနေ့ညက ပစ်ခတ်ခံရလို့ အသက် ၃၆ နှစ်အရွယ် မွတ်စလင်အမျိုးသားတစ်ဦးဖြစ်သူ ဟာမစ်တူဆောင်းရဲ့ ဦးခေါင်းကို ကျည်ထိမှန်သွားပြီး အဲဒီနေရာမှာပဲ သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
သူ့ရဲ့ရုပ်အလောင်းကို ဒီနေ့မှာပဲ သဂြိၤုဟ်လိုက်တယ်လို့ သိရပါတယ်။
ဆင်သေပြင်နဲ့ ထိပ်တူးပေါက်က မွတ်စလင်ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်အပေါ် စွပ်စွဲပြောဆိုနေကြတာတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။
မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာတော့ ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေ မကြားရပေမယ့် တပ်မတော်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုအချိန်အထိ အရပ်သားသေဆုံးသူ ၈၀ ကျော်ရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ လူ ၁၂၀ လောက်အထိရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးကတော့ ဒီနေ့အချိန်အထိ စစ်ဘေးသင့်ဒုက္ခသည် အရေအတွက်ဟာ ၇ သောင်းသောင်းနီးပါးထိ ကပ်လာနေပြီလို့ ပြောဆိုပါတယ်။