ဘူးသီးတောင်တိုက်ပွဲအတွင်း ရွာသား နှစ်ယောက် ဒဏ်ရာရ


2019.09.01
butheetaung-622.jpg ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာနားမှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆင်သေပြင်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်အချို့မီးလောင်ပြီး နောက်ထပ် လက်နက်ကြီးကျည် ကျရောက်တဲ့ ထိပ်တူးပေါက်ရွာက ရွာသား နှစ်ယောက် လက်နက်ကြီး ကျရောက်ပေါက် ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဘူးသီးတောင်မြို့နယ် ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ဆင်သေပြင်ကျေးရွာ တာဝန်ခံကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကို ကြားပေမယ့် သွားကြည့်လို့မရလို့ ရွာထဲကအခြေအနေကို သေချာမသိဘူးလို့ RFA ကို ပြောပါတယ်။

"ကြားတော့ကြားပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အတိအကျတော့မသိပါ၊ ကျွန်တော်က သွားကြည့်လို့လည်း မရပါ၊ ကျွန်တော်တို့က သွားချင်တိုင်းလည်း သွားလို့မရပါ၊ သွားလို့မရလို့ အတိအကျ မသိတာပါ၊ သွားရမှသာ အတိအကျသိရမှာပါ"

လက်ရှိ ဆင်သေပြင်နဲ့ ထိပ်တူးပေါက်ကျေးရွာတွေက ဒေသခံတွေကတော့ နီးစပ်ရာရွာတွေကို ထွက်ပြေးကုန်လို့ ရွာထဲမှာလူမရှိကြတော့ဘူးလို့ သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က ဆင်သေပြင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်းနဲ့ တိုက်ပွဲအတွင်း AA က ဥယျာဉ်သာရွာထဲကို နေရာဝင်ယူပြီး ဆင်သေပြင်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျ ဆင်သေပြင်နားမှာ တိုက်ပွဲဖြစ်တယ်ခင်ဗျ၊ AA က ဥယျာဉ်သာရွာထဲ ဘုန်းကြီးကျောင်းကနေ နေပြီးတော့မှ ဆင်သေပြင်ရွာထဲက ကုလားတွေကို လှမ်းပစ်လို့ ကုလားတွေတောင် မနေရဲလို့ အခု ထိပ်တူးပေါက်ကို သွားနေနေရတယ်၊ အဲဒါကတော့ ရွာထဲမှတော့ AA က ပစ်တာဗျ၊ AA က ဥယျာဉ်သာရွာထဲ မှာနေတယ်၊ ပြီးရင် ဘုန်းကြီးကျောင်းထဲမှာနေတယ်၊ အဲ့ရွာတွေက ရွာသားတွေ မရှိတော့ဘူး၊ AA ဝင်ယူထားတာ၊ AA နေနေတာ အဲ့ရွာထဲမှာ၊ ပြီးတော့မှ AA က ဆင်သေပြင်ရွာထဲမှာရှိတဲ့ ကုလားတွေကို ရွာပျက်အောင်လုပ်နေ တာ၊ ဆင်သေပြင်ရွာတော့ မီးလောင်တယ်လို့ သိရတယ်"

ဒါပေမဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ သူတို့ပစ်တာမဟုတ်ဘူးလို့ ပြန်လည်ငြင်း ဆိုထားပြီး တပ်မတော်ဘက်က တိုက်ပွဲပြီးသွားတဲ့အချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာသာဖြစ်တယ်လို့ ပြောပါတယ်။

"ဆင်သေပြင်မှာ မနေ့က ၄ နာရီခွဲလောက်မှာ အဲဒီဆင်သေပြင်ရွာနားမှာ တိုက်ပွဲဖြစ်တာတော့ရှိတယ်၊ ဒါပေမဲ့ ဆင်သေပြင်ရွာရဲ့ဘေးကတောင်တန်းမှာဖြစ်တာပေါ့၊ ဆိုတော့ အဲဒီမှာ ဗမာစစ်တပ်ဘက်ကတော့ လက်နက် ကြီးတွေနေနဲ့ တိုက်ပွဲပြီးတဲ့နောက်ပိုင်းလည်း လှမ်းပြီးတော့ ပစ်နေတာရှိတယ်၊ ဆိုတော့ ဒီဗမာစစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည်ဆံ ထိတာတွေတော့ ရှိနိုင်တယ်ဗျ၊ ကျွန်တော်တို့ဆီကိုတော့ အသေးစိတ်အချက် အလက်တွေတော့ ရောက်မလာသေးဘူးဗျ၊ ဒါပေမဲ့ အဲဒီမှာ ရွာသားတွေ လက်နက်ကြီးပစ်တဲ့အတွက်ကြောင့်မို့လို့ ဗမာစစ်တပ်ရဲ့ လက်နက်ကြီးကို ကြောက်ပြီးတော့ ပြေးကြတယ်လို့တော့ သိရတယ်၊ နောက်ပိုင်းဘယ်လိုဖြစ် တယ်တော့ အသေးစိတ်တော့ ကျွန်တော့်တို့ဆီကို ရောက်မလာသေးဘူး"

ထိပ်တူးပေါက်ရွာမှာ လက်နက်ကြီးကျည်ကြောင့် နှစ်ယောက်ဒဏ်ရာရရှိပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အနားက ဆင်သေပြင်၊ ဥယျာဉ်သာ၊ ထိပ်တူးပေါက်ကျေးရွာတွေမှာတော့ ဒေသခံတွေ မရှိကြေတော့ဘူးလို့ ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အခုလို ပြောပါတယ်။

"ထိပ်တူးပေါက်ဆိုတဲ့ရွာမှာ နှစ်ယောက် ဒဏ်ရာရတယ်လို့ကြားတယ်၊ မွတ်စလင်ရွာမှာလေ၊ သူတို့ ဘူးသီးတောင်ဆေးရုံမှာရှိတယ်လို့ ပြောသံကြားပါတယ်၊ တိုက်ပွဲဖြစ်တာက ဆင်သေပြင်ဘက်မှာ ဖြစ်တယ်လို့ပြောတယ်၊ ဥယျာဉ်သာဘက်မှာပေါ့နော်၊ ဆိုတော့ လက်နက်ကျည်ဆံ ကျတာကတော့ ထိပ်တူုးပေါက်ပေါ့နော်၊ အဲ့လိုကြားတာပဲ၊ ရခိုင်တွေကတော့ မရှိတော့ဘူး၊ ဘင်္ဂါလီတွေ ကျန်ခဲ့တာ၊ အခုဘင်္ဂါလီတွေဆီမှာ ဖြစ်နေတာလေ၊ ရခိုင်တွေကတော့ ဒီဘက်ကရွာအကုန်လုံး ပြေးသွားပြီ၊ အခုကတော့ ဒီဆင်သေပြင်လည်း ပြေးသွားပြီလို့ပြောတယ်"

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာရဲစခန်းက ဒုတိယစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေးဟာ ဓားနဲ့အထိုးခံရလို့ ဆေးရုံးကိုအပို့မှာ သေဆုံးသွားပါတယ်။

ဒုရဲအုပ် ဓားနဲ့အထိုးခံရတဲ့ဖြစ်စဉ် မှန်ကန်ပြီး အလောင်းကိုတော့ ပုဏ္ဏားကျွန်းကို သယ်သွားပြီလို့ ယိုးတရုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်း က RFA ကိုပြောပါတယ်။

"ဘယ်လိုဆိုမလဲ ဟုတ်တော့ဟုတ်တယ်၊ မနက် ခုနှစ်နာရီကျော်လောက် ဓားထိုးမှုဖြစ်လို့ ဆုံးသွားတာ၊ ဓားထိုးမှုဖြစ်လို့ ကျွန်တော်တို့လည်း အဲဒီဗိုလ်လေးနဲ့ ဖြစ်ဟန်မထင်ဘူး၊ စခန်းနားကို ပြီးမှ ရဲတပ်သားတွေ ရောက်လာကာမှ အဲဒီဗိုလ်လေးနဲ့ဖြစ်တယ်ဆိုတာသိတာ ကျွန်တော်တို့လည်း၊ သိလို့ ဆေးရုံမှာလိုအပ်တာတွေကို အကူအညီတောင်ပေးခဲ့သေးတယ်၊ ဆေးရုံရောက်တော့ ဆုံးသွားပြီ၊ အဲဒါတော့ မသိဘူး ဘာသိမလဲ ကျွန်တော်တို့၊ ပုဏ္ဏားကျွန်းက နာရေးကားကလာယူတာ ဆုံးသွားလို့လေ၊ ပုဏ္ဏားကျွန်းမှာ သြင်္ဂိုဟ်မယ် လို့ပြောတယ်"

ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ မသိရှိကြောင်းနဲ့ ယိုးတရုတ်ကျေးရွာမှာတော့ တိုက်ပွဲဖြစ်ပွားတာလည်းမရှိသလို ဈေးဆိုင်တွေလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနေကြတယ်လို့ ဦးစံအောင်သိန်းက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၈ လ ကျော်ကြာရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ်ထဲက ရဲတပ်ဖွ့ဲဝင်တွေကိုလည်း AA က သတိပေးတာတွေရှိလို့ AA ကိုမေးကြည့်တဲ့အခါမှာ ဒီဖြစ်စဉ်ကို အသေးစိတ်မသိကြောင်းနဲ့ သူတို့လုပ်တာမဟုတ်ဘူးလို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။