ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်


2018.12.19
aa-soldiers-622.jpg ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားဒေသတစ်ဝိုက်မှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပြင်ညာဝရွာနဲ့ ကျောက်တော်မြို့နယ် သလူချောင်းရွာ ပတ်ဝန်းကျင်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနေ့က အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သိန်းစိန်က RFA ကို ပြောပါတယ်။

သလူချောင်းကျေးရွာအုပ်စုထဲမှာ ရွာငယ်ပေါင်း ၁၆ ရွာလောက်ရှိကြပြီး တိုက်ပွဲကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းဘေးက ကန်ဇောက်ဆိုတဲ့ရွာကို ထွက်ပြေးလာကြသူတွေရှိကြတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေက ဒေသခံတွေလည်း ထွက်ပြေးကြသူတွေရှိသလို တချို့လည်း တိုက်ပွဲတွင်း ပိတ်မိနေကြလို့ ပုန်းခိုကျင်းတွေထဲမှာ ပုန်းအောင်းနေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေမှာ ရခိုင်တိုင်းရင်းသားတွေ အများအပြားနေထိုင်ကြပြီး မြိုတိုင်းရင်းသား အများစုတို့ကတော့ နီးစပ်ရာမြို့ပေါ်ကို ထွက်ပြေးကြရလို့ စစ်ဘေးဒုက္ခသည်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာရတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းကတည်းက နေ့စဉ်ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေကလည်း ပိုပြီးပြင်းထန်နေသလို တပ်မတော်ဘက်က ရဟက်ယာဉ်တွေနဲ့ လေကြောင်းကပါ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် လေးမြို့နယ်ဆုံတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်တော်မြို့နယ် သလူချောင်းရွာအနီးကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတယ်လို့ AA ဘက်က ပြောပါတယ်။

မနေ့က ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် သလူချောင်းကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပြီး ဒီကနေ့လည်း ဆက်ဖြစ်နေတယ်လို့ AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

"တိုက်ပွဲဇုံကတော့ အခုပြောတဲ့ ၄ မြို့နယ်စလုံးပေါ့၊ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဗျ၊ ဒီမနက် မှာတော့ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားပေါ့၊ ဒီမနက်ပိုင်းက စပြီးတော့ ဗမာ့တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိတယ်ဗျ၊ ပြင်ညာဝရွာနဲ့ သလူချောင်း ရွာဘက်တွေမှာပေါ့၊ ဒေသခံတွေကတော့ ထွက်ပြေးတာတွေလည်းရှိသလို ပုန်းခိုကျင်းတွေထဲ ပုန်းအောင်းနေ သူတွေရှိတယ်လို့လည်းကြားတယ်"

ဒေသခံတွေဟာ အခုလိုပြင်းထန်တဲ့တိုက်ပွဲမျိုးတွေကို မကြုံဘူးကြသလို ကြောက်လန့်နေကြရတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

ခုလိုတိုက်ပွဲတွေက ရပ်မသွားဘဲ ပိုမိုပြင်းထန်လာနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာဒေသတွေက ရခိုင်၊ မြို၊ ခမီ စတဲ့ တိုင်းရင်းသားတွေဟာလည်း ဘေးလွတ်ရာဘက် ထွက်ပြေးနေကြရလို စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ထွက်ပြေးလာကြသူတွေထဲ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်တယ်လို့ ပြင်ချောင်း ကျေးရွာကိုရောက်နေတဲ့ ဒုက္ခသည်တွေအတွက် ဆန်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီဝင် ဦးဝင်းနိုင်က ပြောပါတယ်။

"ဒေသခံတွေက ကျနော်တို့ဆီ ဖုန်းဆက်ပါတယ်၊ မနေ့က မနက် ၁၀ နာရီကျော်လောက်မှာပေါ့၊ သလူချောင်း အထက်ဘက်ဆိုတော့ ပြင်ညာဝရှိတယ၊် ဆင်မဝင်တောင်ရှိတယ်၊ ကျွန်းသာယာတို့ရှိတယ်ပေါ့နော်၊ သလူချောင်းအထက် တစ်မိုင်ကျော်လောက်မှာ ပစ်တာပေါ့နော်၊ ကျွန်းသာယာနဲ့ ဆင်မ ဝင်တောင်က ၂၂ ဦး နောက်ထပ်လာသူတွေနဲ့ဆို လူ တစ်ရာ နီးပါးလောက်ရှိမယ်ထင်တယ်၊ နီးစပ်ရာ ကျေးရွာတွေမှာဝင်ကြ တာပေါ့နော်၊ သလူချောင်းကျေးရွာအုပ်စုမှာဆို ရွာသေးလေးတွေဆိုရင် ၁၆ ရွာ လောက်ရှိမှာပေါ့၊ သူတို့စိုးရိမ် တယ်ပေါ့ဗျာ တစ်ခါမှလည်းမမြင်ဖူးဘူး၊ ဘာကြောင့်ပစ်တယ်ဆိုတာလည်း ဘယ်လိုအကြောင်းပြချက်မရှိဘူး၊ သူတို့ကိုယ့်ဖာသာကိုယ် လုပ်စားပြီးနေတယ်၊  AA လည်း သိတာမဟုတ်ဘူး ဒီအတိုင်းလာပစ်တာဆိုတော့ စိုးရိမ်တာပေါ့၊ လေကြောင်းကပစ်တယ် ကုန်းကြောင်းက ပစ်တယ၊် သူတို့ပြောတဲ့အတိုင်းဆိုရင် တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်တယ်ပေါ့ဗျာ"

ခုလိုတိုက်ပွဲတွေက ရပ်မသွားဘဲ ပိုမိုပြင်းထန်လာနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာဒေသတွေက ရခိုင်၊ မြို၊ ခမီ စတဲ့ တိုင်းရင်းသားတွေဟာလည်း ဘေးလွတ်ရာဘက် ထွက်ပြေးနေကြရလို စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ထွက်ပြေးလာကြသူတွေထဲ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်တယ်လို့ ပြင်ချောင်း ကျေးရွာကိုရောက်နေတဲ့ ဒုက္ခသည်တွေအတွက် ဆန်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီဝင် ဦးဝင်းနိုင်က ပြောပါတယ်။

"အဲဒီမှာ ကလေးတွေက တော်တော်ပါလာတယ်၊ ကိုယ်ဝန်ဆောင်မိန်းမတွေလည်း ပါလာတယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြင်ချောင်းအုပ်စု လူကတော့ ၁၂၀ လောက်ရှိတယ်၊ မြိုလူမျိုးတွေပေါ့ ၁၇ ရက်နေ့က ရောက်တယ်၊ မနေ့က သူတို့ဆီ ကျနော်တို့ ဆန်သွားလှူခဲ့ကြတယ်၊ နေရပ်ပြန်ဖို့မေးကြည့်တယ်၊ သူတို့ကို ဒီတိုက်ပွဲဖြစ်တယ်ဆိုတာကတော့ ဘယ်လောက်ကြာမယ် ဘယ်လောက်နေရမယ်ဆိုတာ သူတို့မသိ ရသေးဘူးပေါ့နော်၊ သူတို့က ကျနော်တို့ကို ရွက်ဖျင်တဲတွေ အကူအညီတောင်းတယ်၊ မနက်က ကျနော်တို့သွားတာ ရဟတ်ယာဉ်တွေ ပျံသွားတာတွေ့တယ်"

ဒီဇင်ဘာလ ၁၂ ရက်နေ့က ရက္ခိုင့်တပ်မတော် AA အပါအဝင် ပလောင် TNLA၊ ကိုးကန့် MNDAA စတဲ့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့က လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိက္ခတွေ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာချင်တယ်လို့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာကို အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း အဲဒီကြေညာချက်ကို ကြိုဆိုထောက်ခံတယ်ဆိုပြီး အဲဒီနေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့မှာပဲ ကြေညာချက်ကို တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့ကြပါတယ်။

ကြေညာချက်တွေထဲမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး စာရွက်တွေအပေါ်မှာ ရေးသားထားပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်း တစ်ကယ်လက်တွေ့ မြေပြင်အနေအထားမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးဟာ စာရွက်ပေါ်မှာလားလို့ မေးခွန်းထုတ်နေကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။