ရသေ့တောင်မှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်
2019.04.28

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ငသံဘော်ချောင်းဘက်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောပါတယ်။
အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က အတွဲလိုက်ပစ်တဲ့ ဒုံးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာရော တိုက်ပွဲမဖြစ်တဲ့ နေရာတွေဘက်ကိုပါ ပစ်ခတ်တာတွေရှိတယ်လို့ AA ဘက်က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်ဘက်က လုံခြုံရေး နယ်မြေရှင်းတဲ့တပ်တွေနဲ့ ရခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ပုံမှန်သုံးနေကြ လက်နက်ကြီး စစ်ကူပေးခဲ့တာသာရှိကြောင်း၊ အတွဲလိုက်ပစ်တဲ့ ဒုံးတွေ အသုံးပြု ပစ်ခတ်ခဲ့တာမျိုးမရှိကြောင်းနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက စံဂိုးတောင် အရှေ့ဘက် ကီလိုမီတာ ၇၀၀၀ အကွာမှာရှိတဲ့ နယ်မြေရှင်းလင်းရေးတပ်တွေကို လက်နက်ကြီး ပစ်ကူပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာ ငါးလနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားလာတဲ့ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားစုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နည်အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၃ သောင်းကျော်နေပြီလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်ပေးပို့တာပါ။