တပ်ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်နေကြောင်း AA ထုတ်ပြန်ချက်ကို တပ်ငြင်းဆို
2019.01.06

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တဝိုက်မှာ အစိုးရတပ်မတော်က ရဟတ်ယာဉ်တွေပေါ်ကနေ ဗုံးကြဲတိုက် ခိုက်နေတယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်က ငြင်းဆိုလိုက်ပါတယ်။
မနေ့နေ့လယ်ပိုင်းက မြေပြင်မှာ ထိပ်တိုက်တွေ့ဆုံတာတွေ မရှိပေမယ့် တပ်မတော်က ရဟတ်ယာဉ်တွေပေါ်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် နပခ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မနေ့က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ မရှိကြောင်းနဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရချိန်မှာတော့ ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖြေကြားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ၃ ကြိမ်လောက် ရှိခဲ့ကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် ဒေသခံကျေးရွာသားတချို့ ထွက်ပြေးနေရတယ်လို့ ခိုင်သုခက ပြောပါတယ်။
လက်ရှိအချိန်မှာ တပ်မတော်ဘက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်အင်အားတိုးချဲ့တာတွေ ပြုလုပ်နေပြီး မကြာခင် တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက် တိုက်ခိုက်တာကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ သေဆုံးသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မနေ့ကညပိုင်းက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ပြဿနာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ဖို့ တရုတ်သံရုံးက တိုက်တွန်းထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။