စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတစ်ဦး ဒဏ်ရာရ

2022.09.04
စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတစ်ဦး ဒဏ်ရာရ ကနီမြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြသော ဒေသခံများအား ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အိုင်တောင်ရွာထဲက အသက် ၂၇နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦး စက်တင်ဘာလ လေးရက်နေ့ နေ့လယ် ၂နာရီက လက်နက်ကြီးစ ထိမှန်လို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀နီးပါး ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းတွင်းမြစ်အထက်ပိုင်း ကလေးဝကနေ စစ်ရေယာဉ်တွေနဲ့ စုန်ဆင်းလာရာမှာ မြစ်ဘေး တောက်လျှောက်မှာရှိတဲ့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာမှ အခုလို ဒဏ်ရာရခဲ့တာလို့ ကနီမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ အခြေအနေကို ကနီမြို့နယ်၊အိုင်တောင်ရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။

"ဒဏ်ရာရတယ်ဆိုပေမယ့် အရမ်းစိုးရိမ်ရတဲ့ အနေအထား မဟုတ်ပါဘူး။ ဆေးကုသမှု လုပ်ပြီးပြီ။ ရင်ဘတ်ကို လက်နက်ကြီးစ မှန်တာ၊ စစ်သင်္ဘောတစ်စီး၊ ကုန်ပစ္စည်းနဲ့ ကျောက်မီးသွေး တင်ထားတဲ့ ရေယာဉ် ၇ စီးပေါ်ကနေ မြစ်ကမ်းတောက်လျှောက်က ရွာတွေကို ပစ်တာ၊ လက်နက်ကြီးဆိုလည်း အလုံး၂၀ ကျော်တယ်၊ သေနတ်တွေကတော့ တရစပ်ပစ်တယ်"

အင်အား ၁၀၀ နီးပါး ရှိတဲ့ စစ်ရေယာဉ် ရှစ်စီးဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ (နမခ) အလုံဆိပ်ကမ်းကို ညနေ ၅နာရီကျော်ကရောက်သွားပြီလို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ဘေး တစ်လျှောက် ရွာ၃၀ကျော်က ဒေသခံ တစ်သောင်းနီးပါးဟာ နီးစပ်ရာ ဒေသတွေကို ယာယီစစ်ဘေးရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် ရှမ်းမြောင်း၊ တဇယ်ချောင်၊ ကင်းတောင်၊ သရက်တော၊ ဆင်ဆန်း စတဲ့ရွာတွေက ဒေသခံ ခြောက်ထောင်ကျော် စစ်ဘေးရှောင်နေရတာ တစ်နှစ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။