ရွေးကောက်ပွဲရက် ကြေညာချက်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံကြီးများ တုံ့ပြန်ပြောဆို
2010.08.13

ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ မာတင် နက်ဆာကီက သတင်းထောက်တွေကို ပြောဆိုရာမှာ- မြန်မာ စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာ ဝပြောစေရေးအတွက် အားလုံးပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပါ့မယ်လို့ လူသိရှင်ကြား ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်ဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ဖော်ဆောင်ဖို့၊ မြန်မာ့နိုင်ငံရေးဘဝမှာ ပါဝင်နိုင်အောင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ခြင်းလွှတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးအနက် တိုက်တွန်းလိုကြောင်း ပြောဆိုပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောဆိုမသွားခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စုကတော့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ မြန်မာပြည် ရွေးကောက်ပွဲဟာ ယုံကြည် လက်ခံနိုင်စရာ မရှိနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အဓမ္မ ဖိနှိပ်နေတဲ့ မြန်မာ့နိုင်ငံရေး ဝန်းကျင်မျိုးမှာ ရွေးကောက်ပွဲအတွက် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်တဲ့ ပြင်ညီ ကစားကွင်းမျိုး မရှိပါကြောင်း၊ ထွက်ပေါ်လာတဲ့ ရလဒ်ဟာလည်း လက်ခံနိုင်ဖွယ်မရှိကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Phillip Crowley က ပြောလိုက်ပါတယ်။
အလားတူ ရီပတ်ဘလီကင် လွှတ်တော်အမတ် Mitch McConnell ကလည်း နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲဟာ အတုအယောင် ရွှေရည်စိမ်သက်သက်သာ ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တကွ ကျန် နိုင်ငံတွေအားလုံးက အသိအမှတ် ပြုကြရမှာ မဟုတ်ကြောင်း၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်ဟာ မြန်မာပြည်သူတွေကို စစ်အာဏာရှင်စနစ်က ဆက်လက်လွှမ်းမိုး အုပ်ချုပ်ခွင့်ရသွားတဲ့ နေ့ရက်တရက်သာ ဖြစ်လာတော့မှာ ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဝန်ကြီး Jeremy Browne ကလည်း နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲဟာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေအောက်မှာ စစ်အစိုးရ အာဏာမြဲရေးအတွက် ပုံစံထုတ်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံတကာအဆင့်မှာ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရတဲ့အတွက်လည်း တရားဝင် အသိအမှတ်ပြုခံရမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။
သံတမန်အတော်များများနဲ့ လေ့လာသူတွေကတော့ စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ တရုတ်နဲ့ အိန္ဒိယကြားက သဘာဝသယံဇာတ ပေါကြွယ်တဲ့ မြန်မာပြည်မှာ နိုင်ငံခြား အရင်းအနှီးတွေ လှိမ့်ဝင်လာကြအောင်၊ အရပ်သား အစိုးရ မျက်နှာဖုံးတပ်ဖို့ ကြိုးပမ်းချက်အဖြစ် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရှုမြင်ကြပါတယ်။