တရုတ်နဲ့ ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေး
2010.10.31

မစ္စတာ ဘန်ကီမွန်းဟာ မနေ့ညနေက ရှန်ဟိုင်းမြို့ကို ရောက်ရှိလာတာဖြစ်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံ အရေးကိစ္စ၊ ကိုရီးယားကျွန်းဆွယ် အရေးကိစ္စနဲ့ ဆူဒန်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် ဘယ် အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ် ဆိုတာတော့ အသေးစိတ် ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုူးချုပ်ဟာ အခု အာရှခရီးစဉ်အတွင်း ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက အာစီယံ ထိပ်သီး အစည်းအဝေးတွေကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက ရွေးကောက်ပွဲ လွတ်လပ် တရားမျှတဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး မြန်မာအစိုးရအပေါ် ဖိအားပေးဖို့လည်း အာစီယံနိုင်ငံတွေကို ပန်ကြားခဲ့ပါတယ်။
တရုတ်ပြည် ခရီးစဉ်အတွင်း အကျဉ်းကျနေတဲ့ တရုတ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် လူရှောက်ဘိုနဲ့ ပတ်သက်လို့ တရုတ်အစိုးရအပေါ် တိုက်ရိုက် ဝေဖန်ပြောတာ မရှိပေမယ့် မစ္စတာလူရှောက်ဘို နိုဘဲလ်ဆု ချီးမြင့်ခံရတာဟာ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ တကမ္ဘာလုံးမှာ ဆန္ဒသဘောထား တူညီနေတယ်ဆိုတာ ပြသနေတယ်လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုူးချုပ်ဟာ ဒီကနေ့ ရှန်ဟိုင်း ကုန်စည်ပြပွဲ ပိတ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ရှန်ဟိုင်းအနီး သမိုင်းဝင် နန်ကျင်းမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဘေကျင်းမြို့ကို ခရီးဆက်ပြီး တရုတ်သမ္မတ ဟူကျင်တောင် အပါဝင် တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။