ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို
2010.09.25

ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိနေစဉ်အတွင်း ကြာသပတေးနေ့က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုခဲ့တာပါ။
သူက ဆက်လက် ပြောဆိုရာမှာ - လက်တွေ့ကျကျ ပြောရရင် မြန်မာပြည်ရွေးကောက်ပွဲဟာ အပြောင်း အလဲတွေကို ဖော်ဆောင်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး၊ ဒီ ရွေးကောက်ပွဲကို ပထမအဆင့် လို့ပဲ ရှုမြင် သင့်တယ်လို့ ထင်ပါတယ်၊ ဒီအဆင့်ဟာ လုံလောက်အောင် ကြီးမားပါ့မလား ဆိုတာကတော့ ရှုမြင်သူရဲ့ မြင်ပုံမြင်နည်းနဲ့ မျှော်မှန်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်၊ ကျနော်တို့အတွက် အရေးကြီးတာကတော့ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ခြေလှမ်းစတာနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်တဲ့ လမ်းကြောင်းဆီကို ဦးတည်သွားဖို့ပဲ ဖြစ်ပါတယ်၊ ဒါမှသာ ရှေ့သွားရမယ့် အဆင့်တွေအတွက် အုတ်မြစ်ချ လမ်းခင်းနိုင်မယ်၊ တိုင်းရင်းသားတွေနဲ့ ပြန်လည် သင့်မြတ်ရေးအတွက် စတင်နိုင်ပါမယ်- လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာ့နိုင်ငံရေး ဘဝမှာ နေရာတခု ပြန်ရနိုင်မလား ဆိုတဲ့ မေးခွန်းကိုတော့ မြန်မာစစ်အစိုးရအနေနဲ့ လမ်းကြောင်းကို ဖွင့်နိုင်သမျှ ဖွင့်ထားသင့်ပါတယ်လို့ အဖိဆစ်က ပြန်လည် ဖြေကြားခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဟာ ဝန်ကြီးချုပ် တာဝန်ယူပြီး (၂) နှစ်နီးပါး ကြာတဲ့အထိ မြန်မာနိုင်ငံကို မသွားရောက်ခဲ့သေးပါဘူး။ တခြားကိစ္စတွေ ပေါ်မလာဘူးဆိုရင် နောက်လထဲမှာ မြန်မာပြည် သွားနိုင်မယ် ထင်ပါတယ်လို့ အဖိဆစ်က ပြောဆိုခဲ့ပါတယ်။