ရွေးကောက်ပွဲသပိတ်မှောက်ရေး NLD ခေါင်းဆောင်တွေ မန္တလေးမှာ ရှင်းပြ
2010.09.11

NLD မန္တလေးတိုင်း ဥက္ကဌ ဦးသိန်းတန်နေအိမ်မှာ ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်အတိုင်း အောက်ခြေ ပါတီဝင်တွေကို ရှင်းပြခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
“ဒီကနေ့ မန္တလေးနဲ့ အနီးပတ်ဝန်းကျင် ၁၅ မြို့နယ်က မြို့နယ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ ဗဟိုအဖွဲ့နဲ့ တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဝင်ထုက တဆင့် ပြည်သူလူထုကို မှာကြားတဲ့အချက်တွေကို အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ကိစ္စ၊ တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ အဖွဲ့ချုပ်ရဲ့ ပြေပြေလည်လည် ညီညီညွတ်ညွတ် စိတ်ရှည်လက်ရှည် ဆွေးနွေးပြီးတော့ ပြေလည်အောင် ဆောင်ရွက်စေချင်တဲ့ စေတနာ၊ နောက် အဖွဲ့ချုပ် လူငယ်တွေ အမျိုးသမီး အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမှာ လူထုထဲဆင်းပြီး မိမိတို့ တာဝန်ကျေကျေ စည်းရုံးဆောင်ရွက်ရမယ့် ကိစ္စ အဲဒါတွေကို တင်ပြပါတယ်။ ဒါဟာ ဒုတိယ ခရီးစဉ်ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်”
NLD ဗဟိုခေါင်းဆောင်တွေရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ပါတီအောက်ခြေ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေကလည်း ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာ မရှင်းလင်းတဲ့ အချက်တွေကို ပြန်လည် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ကြောင်း၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးနဲ့ ပတ်သက်လို့ လာမယ့် ရက်ပိုင်းတွေအတွင်း NLD မြို့နယ် ခေါင်းဆောင်တွေဟာ မိမိတို့ သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူတွေကို လိုက်လံရှင်းပြဖို့ ရှိကြောင်းလည်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို NLD ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးအုန်းကြိုင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ရှေ့နေ ဦးကြည်ဝင်း တို့အပြင် မန္တလေး တိုင်းစည်းတွေဖြစ်ကြတဲ့ ဦးသိန်းတန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးမျိုးနိုင်တို့ တက်ရောက် ဆွေးနွေးကြတာဖြစ်ပါတယ်၊၊
ဦးအုန်းကြိုင် ဦးဆောင်တဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဟာ ဒီကနေ့ ညနေမှာပဲ ရှမ်းပြည်နယ် လားရှိုးမြို့ကို ခရီးဆက်လက် ထွက်ခွာသွားကြောင်း သိရပါတယ်။
ဒီအကြောင်း RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |