ဥပဒေအရ NLD ဆက်လက်တည်ရှိနေကြောင်း ပါတီခေါင်းဆောင်များပြောဆို
2010.09.15

ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်အပေါ် NLD ခေါင်းဆောင်တွေဘက်က အချက်သုံးချက်နဲ့ တုံ့ပြန်ထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“နံပါတ် ၁ အချက်က ကော်မရှင်ဟာ ဒီလိုကြေညာဖို့ အာဏာ အပ်နှင်းထားခြင်း ဥပဒေမှာ မပါဘူး။ ဒုတိယတချက်က အခုထုတ်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပါတီ၊ နိုင်ငံရေးပါတီ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေက လက်ရှိ ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့တွေကိုသာ ဆိုလိုတယ် ဆိုတာကို ကျွန်တော်တို့ ရှင်းပြတယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ ကျွန်တော်တို့ အဖွဲ့ချုပ်က ၈၈ ခုနှစ်က ထုတ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အဖွဲ့ ဖြစ်တယ်။ အဲဒီ ဥပဒေအရ ပယ်ဖျက်ရန် သတ်မှတ်ထားတဲ့ ပြစ်မှုတွေကို တစုံတရာမှ ကျူးလွန်ခဲ့ခြင်း မရှိဘူး။ အဲဒီသုံးချက်ပါ။”
NLD အနေနဲ့ ဥပဒေကြောင်းအရ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး နယ်လှည့်ခရီးစဉ်တွေဟာ ဥပဒေဘောင်အတွင်းက ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
“NLD ရဲ့ လှုပ်ရှားမှုဆိုတာ ကျွန်တော်တို့ မလုပ်ဖူး။ နိုင်ငံရေး လှုပ်ရှားမှု မလုပ်ဖူး။ ကျွန်တော်တို့ လုပ်နေတာက ရှိပြီးသား အဖွဲ့အစည်း၊ ကိုယ့်ထဲက လူတွေ စုစုစည်းစည်း ကျစ်ကျစ်လျစ်လျစ် ဖြစ်ဖို့ပဲ လုပ်နေတာ။ ပါတီ စည်းရုံးရေးလည်း မဆင်းဘူး။ ကျွန်တော်တို့ နယ်တွေ သွားတာက ကျွန်တော်တို့ ပိုမို ကျစ်လျစ် ခိုင်မာအောင် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လူတွေ ဒါပဲ၊ ဒီအတွက်ပဲ သွားတာ။ NLD ဘာကြောင့် ရှိတယ်ဆိုတာကို နိုင်ငံရေးအရ၊ ဥပဒေအရ ကျွန်တော်တို့ ရှင်းပြတယ်၊ တရားစီရင်ရေး လမ်းကြောင်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်ဆိုတာကို ရှင်းပြတယ်။ အဲ သူတို့ကလည်း သိချင်တာ မေးတယ်။ ဒါတွေ လုပ်နေတာပါ။”
ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ NLD ဌာနချုပ်ရုံးကို ဒီကနေ့ ရောက်လာတဲ့ အဖွဲ့ဝင် အရေအတွက်ဟာ ခါတိုင်းနေ့တွေထက် ပိုပြီးများလာတယ်လို့လည်း သိရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ တည်ဆဲပါတီဟောင်းတွေထဲက NLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနဲ့ ဝ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်လက် တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တို့ကို လျှောက်ထားခြင်း မရှိတာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့ပါတယ်။
NLD ဟာ ဥပဒေအရ ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်ဆိုတဲ့ NLD ခေါင်းဆောင်တွေရဲ့ သဘောထား တုံ့ပြန်ချက် သုံးရပ်နဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |