စစ်အစိုးရ၏ အခြေခံဥပဒေနှင့် ပတ်သက်၍ မကွေးတိုင်းမှာ NLD ဟောပြော

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး မကွေးတိုင်းတွင်းရှိ ရေနံချောင်း၊မင်းဘူး၊ စကု၊ တောင်တွင်းကြီး၊ နတ်မောက် စတဲ့ ဒေသတွေက ဒေသခံ ပြည်သူတွေကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက အောက်ခြေအထိ သွားရောက် ရှင်းလင်း အသိပေး နေတယ်လို့ သိရပါတယ်။

2010.08.16
referendum_billboard_305_Z ၂၀၀၈ ဆန္ဒခံယူပွဲမတိုင်မီ အချိန်က အခြေခံဥပဒေမူကြမ်းကို ထောက်ခံမဲပေးဖို့ စစ်အစိုးရက တိုက်တွန်း လှုံ့ဆော်သော ဆိုင်းဘုတ်တခုရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

၈လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ၂၂ နှစ် ပြည့်တဲ့ သြဂုတ်လ ၈ ရက်နေ့ကနေ စပြီး ဒီလို စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ရှင်းလင်းပြောပြတဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဟောပြောရာမှာ ဥပဒေနဲ့ ပတ်သက်တဲ့ အချက်လက်တွေကို လက်ကမ်းစာစောင်အဖြစ် ဝေငှတာလည်း ပါတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မကွေးတိုင်း စည်းရုံးရေးမှူး ဒေါ်ခင်စောဌေးက RFA ကို ပြောပြပါတယ်။

“စစ်မှန်ပြီးတော့ ဒီမိုကရေစီနည်းကျကျ လွတ်လပ်စွာ ဆန္ဒမဲပေးတာတို့ ဘာတို့၊ လွတ်လပ်စွာ ဖော်ထုတ်တာတို့က တရားမျှတခြင်း၊ ညီမျှခြင်းနဲ့ ညီတယ်ပေါ့နော်၊ အဲဒီ ဒီမိုကရေစီ စနစ်အတွက် ရွေးကောက်ပွဲ ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်တွေက ဒါပဲ၊ ရိုးသားဖြောင့်မတ်ပြီး အရည်အချင်းရှိတဲ့လူကို ထောက်ခံမဲ ပေးရမယ်၊ ပြည်သူ့အကျိုးစီးပွားကို ပြုလုပ်မဲ့လူကိုသာ ရွေးကောက်တင်မြှောက်ရမယ်၊ နော် နောက်ပြီးကျတော့ ပြည်သူဟာ ဝင်ရောက် အရွေးခံတဲ့လူ၊ နော် အရွေးခံသူ အားလုံးကို မနှစ်သက်ခြင်းနဲ့ မဲမပေးပဲ နေနိုင်သလို ရွေးကောက်ပွဲကိုလည်း မယုံကြည်လို့ ရှိရင် မဲမပေးပဲ နေနိုင်တယ်။ အဓိကထားပြီးတော့ ကျွန်မတို့ ဆွေးနွေးတယ်၊ ပညာပေးတယ်၊ နောက် စာရွက်စာတမ်းတွေ ဝေတယ်ပေါ့နော်။”

လာမဲ့ ၂ လကျော်အတွင်းမှာ ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူထုသိသင့်တဲ့ အချက်အလက်ကို ရှင်းပြနေတာဟာ NLD ဗဟိုက ချမှတ်ထားတဲ့ လူထုနဲ့ တိုက်ရိုက် ပတ်သက် ဆက်နွယ်တဲ့ လူထုအကျိုးကိုသာ အဓိကထား လုပ်ကိုင်မယ်ဆိုတဲ့ မူနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်လို့ ဒေါ်ခင်စောဌေးက ပြောပြပါတယ်။

“၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပြည်သူတွေအပေါ်မှာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တရားစွဲမခံရဖို့ရာ၊ အရေးယူမခံရဖို့ရာ ပုဒ်မ ၄၃၂၊ ၄၄၅ တွေ အနေနဲ့ ထိန်းချုပ်ထားတာ။ ဆိုလိုတဲ့သဘောက ၂၀၀၈ အခြေခံဥပဒေရဲ့ လူထု နားမလည်တဲ့ဟာ၊ လူထုကို လှည့်ထားတဲ့ အရာလေးတွေကို ကျွန်မတို့က ဖော်ထုတ်ထားတာပေါ့။ နောက်တခုက ကာကွယ်ရေး ဦးစီးချုပ်က လုပ်ပိုင်ခွင့် အကုန်လုံး ရှိတယ်ဆိုတာ ကျွန်မတို့က ပုံစံလေးနဲ့ပေါ့နော်၊ ပုံစံလေးနဲ့ ဆွဲပြီး နောက်ဆုံး အောက်ဆုံးကျမှ ပြည်ထောင်စု လွှတ်တော်၊ ပြည်နယ် တိုင်းလွှတ်တော်ဆိုပြီး ပါဝင်ပါတယ်လို့၊ ကျွန်မတို့ ဆိုလိုတဲ့သဘောက ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ထဲမှာကျမှ အခြေခံဥပဒေကို ပြင်ချင်ပါတယ်ဆိုတဲ့ အဖွဲ့တွေကို ကျွန်မတို့က ထောက်ပြတယ်ရှင့်။”

ဒီလို ပညာပေး စာရွက်စာတမ်းတွေ ဝေငှနေတဲ့ မကွေးတိုင်း NLD အဖွဲ့တွေကို သက်ဆိုင် ရာ အာဏာပိုင်တွေက နှောင့်ယှက်တာတွေ မရှိဘူးလို့ သိရပါတယ်။

ဒီရွေးကောက်ပွဲ ပညာပေး စာရွက်စာတမ်းတွေကို အထးူသဖြင့် မြို့ပေါ်မှာ ရှိတဲ့ အခြေခံလူထုနဲ့ ကျေးရွာတွေက လယ်သမားတွေကို အဓိကထားပြီး ရှင်းပြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။