ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗိုလ်ချုပ်ကြီးအများစု ရာထူးနှုတ်ထွက်ရာမှာ မပါ
2010.08.29

ပြီးခဲ့တဲ့ သီတင်းပတ် သြဂုတ်လ ၂၇ ရက်နေ့က မြန်မာစစ်တပ်အတွင်း အကြီးမားဆုံး ရာထူး အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ပြီး တပ်မမှူး အဆင့်ကနေ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေအထိ (၁၅ဝ) ကျော်လောက် အပြောင်းအရွှေ့လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ လောလောဆယ်အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တာဝန်တွေ ဆက်လက် ရယူထားဆဲဘဲလို့ စစ်ရုံးချုပ်နဲ့ နီးစပ်သူတွေက အတည်ပြု ပြောပါတယ်။
မြန်မာ့ စစ်ရေးလေ့လာသူ ဦးဌေးအောင်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ ရွေးကောက်ပွဲအပြီး စိတ်ချရတဲ့ အခြေအနေ ရောက်မှသာ စစ်ဘက်ရာထူးကို စွန့်လွှတ်ကြမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရော တချိန်ချိန်မှာတော့ တပ်မတော်က နှုတ်ထွက်ပေးရမယ့် အနေအထား ရှိပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အခုလို အကူးအပြောင်းကာလမှာ ရှေ့ရေးအတွက် စိတ်မချရသေးရင်တော့ လက်ရှိအာဏာကို စွန့်လွှတ်၊ လွဲပြောင်းပေးမယ့် အနေအထား မရှိသေးဘူးလို့ မြင်ပါတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲပြီးရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သူတို့ ယုံကြည်စိတ်ချရတယ်လို့ ယူဆရတဲ့ အစိုးရလက်ထဲကို လွှဲပြောင်းပြီးရင်တော့ ယူနီဖောင်းချွတ်ပြီး အရပ်ဘက် ပြောင်းတာမျိုး၊ ဒါမှမဟုတ် နိုင်ငံရေးလောကကို ပြောင်းလဲတာမျိုး လုပ်ကောင်း လုပ်နိုင်တယ်လို့ ယူဆပါတယ်”
အခု ရာထူးအပြောင်းအရွှေ့ အတွင်း ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို တို့ကို ရွေးကောက်ပွဲအပြီးမှာ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီး ရာထူး ခန့်အပ်ရေးအတွက် အရန် အင်အားအဖြစ် ယာယီ ချန်လှပ်ထားခဲ့တာကို နားလည်မှုလွဲပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ရဲ့ နေရာတွေကို သူတို့နှစ်ဦးနဲ့ အစားထိုးလိုက်ပြီ ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ရာထူးက အနားယူတဲ့အခါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ရာထူးဆက်ခံမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီသတင်းနဲ့ ဆက်စပ်ပြီး သုံးသပ် တင်ပြထားတဲ့ ပြင်ပဆောင်းပါးရှင် လာရီဂျဂင်ရဲ့ အာအက်ဖ်အေအတွက် သီးသန့်ရေးသား ပေးပို့တဲ့ ဆောင်းပါးကိုလည်း ဒီနေရာမှာ တဆက်တည်း နားဆင်နိုင်ပါတယ်။
ပြင်ပဆောင်းပါးရှင် လာရီဂျဂင်ရဲ့ အာအက်ဖ်အေ အတွက် သီးသန့်ဆောင်းပါး
မြန်မာစစ်တပ်က ရာထူးအာဏာ အကြီးမားဆုံး ဗိုလ်ချုပ်ကြီးတွေကို အတင်းအကြပ် ရာထူးက နှုတ်ထွက်ခိုင်းပြီး အရပ်သားအဖြစ်နဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ရာထူးသစ်ယူဖို့ လုပ်ဆောင်လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ မြန်မာစစ်တပ်အတွင်း နိုင်ငံရေးဆူနာမီကြီးကို ဖန်တီးလိုက်တာ ဖြစ်တယ်လို့ မြန်မာစစ်တပ် အသိုင်းအဝိုင်းကို ကိုးကားပြီး ပြင်ပဆောင်းပါးရှင် သတင်းစာဆရာ လာရီဂျဂင်က သုံးသပ်ပါတယ်။
လာရီဂျဂင်ရဲ့ အာအက်ဖ်အေ မြန်မာဌာနအတွက် အထူးသီးသန့် ရေးသားပေးပို့လိုက်တဲ့ ဒီဆောင်းပါးကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက မြန်မာပြန် တင်ပြထားပါတယ်။
![]() |
လာရီဂျဂင်ဆောင်းပါး။ |
![]() |
အသံဖိုင်ယူရန်။ |