တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အရေး ဒေါ်အောင်ဆန်းစုကြည်ပြော

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား တင်းမာနေတဲ့ အခြေအနေကို စိုးရိမ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံရာမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

2010.09.04
ASSK_portrait_1_305_z အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်ရုံးတွင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၉ခုနှစ် မေလ ၁၄ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

“တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေ မပြေမလည် ဖြစ်နေတဲ့ သတင်းတွေကြားတာ စိတ်မကောင်းဘူးတဲ့။ ဒါပေမယ့် ဒီကိစ္စတွေဟာ ညှိနှိုင်းဆောင်ရွက်မှသာ အဆင်ပြေမယ်၊ နိုင်ငံရေးနည်းအရ ဆောင်ရွက်မှသာ ရေရှည် အကျိုးခံစားခွင့် ရှိမယ်လို့ သူ ယုံကြည်တဲ့အကြောင်း ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အစိုးရအပေါ် ရွေးကောက်ပွဲဥပဒေတွေ ပြဌာန်းတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲဖို့ကိစ္စကို ဆွေးနွေးကြတာပေ့ါ။ ဆွေးနွေးတော့ ဆိုလိုတာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်မှုအတွက်၊ တမှုက ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အတွက်၊ အဲဒီလို နှစ်မှုခွဲပြီး စွဲဖို့ ကျနော်တို့ ဆွေးနွေးကြပါတယ်”

လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နယ်လှည့်စည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျေနပ်အားရမှု ရှိတယ်လို့လည်း ဆိုပါတယ်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျိုးဆောင်ရှေ့နေတွေ ဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေဟာ တရားဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာ အများပြည်သူ သိအောင် ဝိုင်းဝန်း ရှင်းပြကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ တွေ့ဆုံခွင့် ရခဲ့တဲ့ ရှေ့နေဦးဉာဏ်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။