မြန်မာအပေါ် ဖိအားပေးဖို့ တရုတ်ကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

မနက်ဖြန် အင်္ဂါနေ့ကစပြီး တရုတ်နိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်လာမယ့် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးတယူ ဖြေရှင်းရေးနဲ့ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင် ကျင်းပရေး ဖိအားပေး ပြောကြားဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တရုတ်အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

2010.09.06
China_Burma_Flag_305_z.jpg မြန်မာခေါင်းဆောင်တဦး လာရောက်စဉ်အတွင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ တိန်အန်မင်ရင်ပြင် ပြည်သူ့ခန်းမကြီးရှေ့တွင် တရုတ်နှင့် မြန်မာအလံများ လွှင့်ထူထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် အနေနဲ့ မြန်မာနိုင်ငံမှာ အတုအယောင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဥပေက္ခာ ပြုခြင်းအားဖြင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို အားပေးအားမြောက် မလုပ်သင့်ကြောင်း၊ တရုတ်အစိုးရ အနေနဲ့ မြန်မာကိစ္စကို ဟန်မပျက် ဆက်ဆံနေတာထက် တခြား နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဆိုဖီရစ်ချတ်ဆန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ မူဝါဒ ရပ်တည်ချက်ဟာ တာဝန်သိ သိက္ခာရှိတဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံ ဖြစ်ရစေမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ အပြောတွေနဲ့ မညီတာ တွေ့ရကြောင်း၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ထောက်ခံတာကနေ မြန်မာ ပြည်သူတွေကို ပြောင်းလဲ ထောက်ခံခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ပိုခိုင်မာစေနိုင်ကြောင်းလည်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။