ထိုင်းငါးဖမ်းပိုက်စက်ရုံက မြန်မာများ လေးရက်မြောက် ဆန္ဒပြ

ထိုင်းနဲ့ လာအိုနိုင်ငံ နယ်စပ်နားက ခေါန်ကန်မြို့ ထိုင်း ငါးဖမ်းပိုက်စက်ရုံက မြန်မာ ရွှေ့ပြောင်းအလုပ်သမား ရှစ်ရာကျော်ဟာ (၄) ရက်မြောက်နေ့ အဖြစ် ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

2010.09.11
migrant_workers_A_305_z ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

အဲဒီ အလုပ်သမားတွေရဲ့ ယာယီ နိုင်ငံကူးလက်မှတ် ပတ်စပို့ စာအုပ်တွေပေါ်မှာ ထိုင်းအလုပ်ရှင်က မိမိသဘောနဲ့ ရေးခြစ် ပြင်ဆင်တာတွေ လုပ်ထားတဲ့အတွက် မိမိတို့ ပတ်စပို့ စာအုပ်တွေ တရားမဝင် ဖြစ်သွားမှာကို စိုးရိမ်ရာက ဆန္ဒပြမှုတွေ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေတာပါ။

ဆန္ဒပြရာမှာ ကိုယ်တိုင် ပါဝင်တဲ့ စောကပေါ်ဆေးက သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ RFA ကို ပြောပြပါတယ်။

“အခု လက်ရှိ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို စာရင်းကောက်လိုက်တဲ့အခါမှာ အားလုံး ၈၆၆ ဦး ရှိနေပါတယ်။ ကျနော်တို့ အဓိက တောင်းဆိုချက်က စစ်မှန်တဲ့ ပတ်စပို့ကို ရရှိပြီးမှသာလျှင် အလုပ်ပြန်ဆင်းမယ် ဆိုတဲ့ တောင်းဆိုချက်ပါ။ ပြီးရင် သူတို့ ထုတ်ပစ်လိုက်တဲ့ အဲဒီ ၆ ဦးရဲ့ အမှားအယွင်း လုပ်ထားတဲ့ ပတ်စပို့တွေကို အကောင်း ပြန်လုပ်ပေးဖို့၊ အဲလိုမှ ဖြစ်မလာဘူး ဆိုရင် သူတို့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အလုပ်သမား ၆ ဦးကို အလုပ်ထုတ်ပစ်လိုက်တဲ့အတွက် အလုပ်သမားတယောက်ရဲ့ ရသင့်ရထိုက်တဲ့ နစ်နာကြေးကို လိုချင်ပါတယ်”

အဲဒီ ထိုင်းငါးဖမ်းပိုက်စက်ရုံမှာ မြန်မာ အလုပ်သမား နှစ်ထောင်ကျော်ရှိပြီး ဆန္ဒမပြပဲ ကျန်နေသေးတဲ့ အလုပ်သမားတွေ ဆန္ဒပြမှုမှာ မပါဝင်ကြဖို့ အလုပ်ရှင်က တားမြစ်ထားသလို သူတို့ကို တနေ့ ထိုင်းဘတ်ငွေ တရာ အသုံးစရိတ်အဖြစ် လတ်တလော ထုတ်ပေးနေတယ်လို့လည်း စုံစမ်းသိရပါတယ်။

ဆန္ဒပြမှုတွေ မရပ်ရင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန ဝန်ထမ်းတွေနဲ့ ဝင်ရောက်ဖမ်းဆီးမယ်လို့ ပြီးခဲ့တဲ့ ရက်တွေက ထိုင်းအလုပ်ရှင်က ပြောခဲ့ပေမယ့် ဖမ်းဆီးမယ့် အရိပ်အယောင်တွေ ဒီကနေ့အထိ မမြင်ရသေးဘူးလို့ မြန်မာအလုပ်သမားတွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။