စစ်အာဏာသိမ်း ၂၂ နှစ်မြောက်နေ့ နိုင်ငံတကာမှာ ဆန္ဒပြ
2010.09.18

ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ဦးသန်းဆွေက တိုကျို ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
“နအဖ စစ်အုပ်စုက လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ ဖွဲ့စည်းပြီး ပါဝင်တဲ့ မြန်မာနိုင်ငံသား အားလုံးက တိုကျိုက လူစည်ကားတဲ့ အရပ်တွေမှာ စီတန်းလှည့်လည်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတာကို ဂျပန်လူထုကို တင်ပြရင်း၊ ဂျပန်လူထုက တဆင့် ဂျပန်အစိုးရကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုဖို့ ဝိုင်းဝန်း ဖိအားပေးဖို့အတွက် ပြုလုပ်တာ ဖြစ်ပါတယ်”
ဒီဆန္ဒပြပွဲကို လူ ၅ ရာဝန်းကျင် တက်ရောက်ကြောင်း သိရပါတယ်။
တောင်ကိုရီးယား နိုင်ငံမှာလည်း အလားတူဆန္ဒပြပွဲတရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ၂၀ဝ၇ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ အတွက် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေ ဆိုးလ်မြို့ မြန်မာသံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးရန်နိုင်ထွန်းက ပြောပြပါတယ်။
“ကိုရီးယား ဒေသ စံတော်ချိန် မနက် ၁၁ နာရီကနေ ၁၂ နာရီအထိ နအဖ စစ်အုပ်စု သံရုံးရှေ့မှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် အမြန်ဆုံး ပျောက်ကွယ်ဖို့ရယ် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြ တောင်းဆိုနေတဲ့ ရဟန်းသံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ဘယ်တော့မှ မေ့ပျောက်လို့မရဘူးဆိုတာကို ပြယုဂ်တခုအနေနဲ့ ပြသခဲ့ပါတယ်”