ရွှေဘိုခရိုင်မှာ တပ်ထပ်ဖြန့်တဲ့ 96 Soldier အဖွဲ့ကို မြို့နယ်ကာကွယ်ရေးအဖွဲ့ တားမြစ်
2023.07.31

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက ရွာတစ်ရွာမှာ တပ်ထပ်ဖြန့်ဖို့ပြောင်းရွှေ့လာတဲ့ 96 Soldier (LPDF) တပ်ဖွဲ့ကို အဲဒီနေရာမှာ နေထိုင်ခွင့်မပြုကြောင်း ဇူလိုင် ၂၄ ရက်စွဲနဲ့ မြို့နယ်ကာကွယ်ရေးအဖွဲ့က အကြောင်းကြားစာ ပို့လာတယ်လို့ 96 Soldier (LPDF) တပ်ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ဇူလိုင် ၃၁ ရက် ဒီနေ့မှာ ပြောပါတယ်။
သူတို့ တပ်ဖြန့်အခြေချဖို့ ကြိုးစားခဲ့တဲ့ မြို့နယ်နဲ့ ရွာနာမည်တွေကိုတော့ လုံခြံရေးအရ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
အဲဒီစာဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်ရက်စွဲနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရုံးက ထုတ်ပြန်ခဲ့တဲ့ NUG အစိုးရ ညွှန်ကြားချက်အောက်မှာမရှိတဲ့ အဖွဲ့အစည်းတွေ၊ တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းဆက်သွယ်ခြင်း မပြုရန်ဆိုတဲ့ ညွှန်ကြားချက်ကို ကိုးကားပြီး မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပေးပို့ခဲ့တာလို့ ဆိုပါတယ်။
ဒီအကြောင်းကြားစာနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့မြို့နယ်အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် တိကျတဲ့အဖြေ မရသေးဘူးလို့ 96 Soldier (LPDF) တပ်ဖွဲ့ ခေါင်းဆောင် ကိုဇေယျာလွင်က RFA ကို ပြောပါတယ်။
“ကျွန်တော်က နားလည်တာက ဘာလဲဆိုတော့ ခရိုင်က ထုတ်တာလည်း မဟုတ်ဘူး။ တိုင်းက ထုတ်တာလည်း မဟုတ်ဘူး။ ဝန်ကြီးဌာနက ထုတ်တာလည်း မဟုတ်ဘူး။ NUG အစိုးရ ထုတ်တာလည်း မဟုတ်ဘူးလို့ နားလည်တယ်။ ထုတ်တာက မြို့နယ်ပကဖ တာဝန်ခံက ထုတ်တာပေါ့နော်။ သူက ဒီလိုဆင်ခြေတုံတရားမဲ့စွာ ထုတ်တဲ့စာမျိုးကို ကြည့်လိုက်ခြင်းအားဖြင့် ဘယ်လောက်ထိ တော်လှန်ရေးအတွက် အကျိုးမရှိဘူးလဲ ဆိုတာကို မငဲ့ကွက်ဘဲ ထုတ်ချင်တိုင်း ထုတ်လိုက်တဲ့စာဖြစ်တယ်။ အဲလို နားလည်တယ်။ ဒီစာကို ထုတ်လိုက်တယ်ဆိုပေမယ့် NUG စစ်ဒေသရုံးတွေ၊ NUG ဆိုတဲ့ စကားလုံးတွေ ထည့်သုံးထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ NUG က တာဝန်ရှိတဲ့သဘော ဖြစ်သွားတာပေါ့ဗျာ”
အကြောင်းကြားစာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရဖို့ စစ်ကိုင်းတိုင်း တာဝန်ခံကို ဆက်သွယ်ခဲ့ပေမယ့်လည်း ရွှေဘိုခရိုင် တာဝန်ခံကို ဆွေးနွေးဖို့လွှဲပေးထားတယ်ဆိုပြီး အကြောင်းပြန်လာတာပဲရှိသေးတယ်လို့ ဆိုပါတယ်။
96 Soldier (LPDF) တပ်ဖွဲ့ဆီပေးပို့တဲ့စာ အကြောင်းအရာနေရာမှာ “ NUG အစိုးရ၏ ညွှန်ကြားချက်အောက်တွင် မရှိသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်သွယ်ခြင်း၊ ဝင်ရောက်နေထိုင်ခွင့်မပြုရန်ကိစ္စ” ဆိုပြီး ရေးထားသလို ရည်ညွှန်းမှာလည်း “ စစ်ရုံး၏ ညွှန်ကြားစာပူးတွဲပါရှိပြီး”လို့ ရေးသားထားတာ တွေ့ရပါတယ်။
ဒါ့အပြင် အခြေချနေထိုင်ဖို့ ပြောင်းရွှေ့လာတဲ့ ကိုဇေယျာလွင် ဦးဆောင်တဲ့ 96 Soldier (LPDF) အဖွဲ့ကို ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရုံးညွှန်ကြားချက်အရ အခြေချနေထိုင်ခြင်းမပြုဖို့ ထပ်ဆင့်ညွှန်ကြားလိုက်တယ်ဆိုပြီး ရေးသားထားပါတယ်။
အဲဒီအကြောင်းကြားစာ ထုတ်ပြန်ခဲ့တဲ့ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုသတင်းထုတ်လွှင့်ချိန်အထိ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးတာဝန်ခံ ဦးမောင်မောင်ဆွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။