ပါတီနာမည်ပြောင်းလဲခိုင်းတာ ဥပဒေနဲ့ မညီကြောင်း ဦးရဲနိုင်အောင် ပြော
2018.06.17

ရှစ်လေးလုံးပြည်သူ့ပါတီနာမည်ကို တစ်လအတွင်း ပြောင်းလဲပေးခိုင်းတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက် ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့ မညီဘူးလို့ ပါတီရဲ့ ဒုတိယ ခေါင်းဆောင် ဦးရဲနိုင်အောင် က ပြောပါတယ်။
ပါတီမှတ်ပုံတင် ကျထားပြီးသား ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ အမည်၊ အလံနဲ့ အမှတ်တံဆိပ်တို့ကို ပြန်လည်ပြင်ဆင် ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့ ကော်မရှင်ကို တွေ့ဆုံတင်ပြ ခဲ့ပေမယ့် ငြင်းပယ်ခံလိုက်ရတဲ့အပေါ် ပါတီ ဒုတိယ ခေါင်းဆောင် ဦးရဲနိုင်အောင်က အခုလိုပြောတာဖြစ်ပါတယ်။
"ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ မညီဘူးပေါ့ဗျာ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၈(က) နဲ့ (ခ) မှာ ဖော်ပြချက်ပေါ့၊ ပထမတစ်ချက်ဖြစ်တဲ့ ဘာသာ သာသနာနဲ့ ယှက်နွယ်တယ်၊ ဒို့တာဝန် အရေးသုံးပါးနဲ့ ထိပါးတယ် ဒါနဲ့ ကျနော်တို့ မငြိဘူး၊ နောက်တစ်ခါ (ခ) အချက်ဖြစ်တဲ့ ပုဒ်မ (ခ) သတ်မှတ်ချက်ဖြစ်တဲ့ အမည်၊ အမှတ်တံဆိပ်၊ အလံဟာ အခြား နိုင်ငံရေးပါတီနဲ့ ဆင်တူရိုးမှားဖြစ်တယ်ပေါ့။ ဒါလည်း ကျနော်တို့မဖြစ်ဘူး"
ပါတီခေါင်းဆောင်တွေက ဒီကနေ့ တောင်ဥက္ကလာပမြို့နယ်က ပါတီရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
ရှစ်လေးလုံးပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ နည်းဥပဒေ ပုဒ်မ ၁၄ (ဃ) အရ ကန့်ကွက်ထားတဲ့ လူဦးရေ ၂၀၀ ကျော်ရဲ့ ကန့်ကွက်မှုဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တာဖြစ်လို့ ပါတီတစ်ခုအတွက် အသုံးမပြုသင့်ဘူးဆိုတဲ့ ကန့်ကွက်ချက်တွေကြောင့် ပြောင်းလဲပေးဖို့ ရွေးကောက်ပွဲကေ်ာမရှင်က ညွှန်ကြားတာဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့နောက်ဆုံး မပြောင်းလဲရင် ပါတီမှတ်ပုံတင်ခွင့် ရုပ်သိမ်းခံရမှာဖြစ်ပါတယ်။
ပါတီနာမည် ပြောင်းလဲမလား မပြောင်းလဲဘူးလားဆိုတာကို ဇွန်လ ၂၄ ရက်နေ့မှာ ပါတီ စုံညီအစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။