ရှစ်လေးလုံးပြည်သူ့ပါတီ အမည် ပြောင်းလဲဖို့ ဆုံးဖြတ်
2018.06.24

ရှစ်လေးလုံးပြည်သူ့ပါတီ အမည်၊ အလံနဲ့ အမှတ်တံဆိပ်ကို ပြောင်းလဲပြီး ရွေးကောက်ပွဲကော်မရှင်ကို ပြန်တင်ဖို့ ပါတီဖြစ်မြောက်ရေးတာဝန်ရှိသူတွေက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးဗဟိုကော်မတီရုံးမှာ ပြည်နယ်နဲ့တိုင်းအသီးသီးက ပါတီဝင် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးနောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ ပါတီရဲ့ ပထမခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။
"နိုင်ငံရေးပါတီ မဖြစ်ဖြစ်အောင် ကျနော်တို့ လုပ်မယ်၊ ဆိုတော့ နာမည်ပြောင်းရမယ် သေချာတယ်၊ အဲ့ဒီနာမည် ပြောင်းရမယ့်ကိစ္စမှာ ကျနော်တို့က ပြီးခဲ့တဲ့ကိစ္စတွေအပေါ်မှာ တရားမျှတမှုရှုထောင့် ဥပဒေရှုထောင့်ကနေ ကျနော်တို့ ရှင်းပြခဲ့တာဖြစ်ပေမယ့် မူလရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးပါတီ ထူထောင်မယ်ဆိုတဲ့ ရပ်တည်ချက်ပေါ် မှာ ကျနော်တို့က အခိုင်အမာ ရပ်တည်ထားတယ်၊ ဒါကြောင့်မလို့ ကျနော်တို့က ယေဘုယျပြောရရင် နာမည် ပြောင်းကိုပြောင်းရမယ်၊ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်အောင် ဖြစ်တဲ့နည်းနဲ့ ကျနော်တို့ကြိုးစားမယ်၊ ဖြစ်တဲ့နည်းနဲ့ မဆိုတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ဥပဒေအရ ငြင်းလို့မရအောင်ပေါ့။ အခုလည်း အမှန်က ဥပဒေအရ ငြင်းတယ်လို့ ကျနော်တို့ မမြင်ဘူး၊ နောက်တစ်ကြိမ်လည်း ထပ်ပြီးတော့ ကျနော်တို့က ဥပဒေအရ ငြင်းလို့မရအောင် ထပ်ပြီးကြိုးစားဦးမယ်၊ ဆိုတော့ ဒီတစ်ကြိမ်တော့ ရုပ်ပျက်ဆင်းပျက်ကြီးတော့ မဖြစ်လောက် ဘူးလို့ ကော်မရှင်ဘက် ရုပ်ပျက်ဆင်းပျက်ကြီး တုံ့ပြန်လိမ့်မယ်လို့မထင်ဘူး၊ သို့သော် ဖြစ်ခဲ့ရင်ရောလို့ဆိုရင်တော့ တစ်က ပြန်စကြတာပေါ့လို့ဆိုတာ ကျနော်တို့ အဆိုးဆုံးအခြေအနေက ၈၈ တစ်ပါတီစနစ် အခြေအနေမှာ ကျနော်တို့ နိုင်ငံရေးစလုပ်ခဲ့ကြတာ ကျနော်တို့အတွက် ဘာမှမဆန်းဘူး၊ မထူးဆန်းဘူး၊ ဆိုင်းဘုတ်မရှိလည်း အမိုးအကာမရှိလည်း နိုင်ငံရေးလုပ်တတ်တယ်၊ လုပ်တဲ့အတွေ့အကြုံလည်း နှစ် ၃၀ ရှိတယ်၊ ကျနော်ပြောချင်တာ အဲ့တာပါနော်၊ ဒါကြောင့် အဲ့ဒီအခြေအနေမျိုးကတော့ ကျနော်တို့ကိုယ်တိုင် အဲ့ဒီအခြေအနေရောက်သွားပြီဆိုရင် ကျန်တဲ့အခြေအနေလည်း မကောင်းတော့ဘူးလို့ မြင်တယ်၊ မဖြစ်လောက်ပါဘူး၊ အဲ့လောက်ကြီးတော့ ရုပ်ပျက် ဆင်းပျက် မဖြစ်လောက်ဘူးလို့ ကျနော်တို့မျှော်လင့်ပါတယ်"
ပြောင်းလဲမယ့် ပါတီအမည်၊ အမှတ်တံဆိပ်၊ အလံတွေနဲ့ပတ်သက်ပြီး လာမယ့် ဇူလိုင်လ ၈ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပမယ့် ပါတီစုံညီအစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုမှာဖြစ်ပါတယ်။
အရင်က ရှစ်လေးလုံးပါတီလို့ အမည်ပေးဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဝေဖန်မှုတွေရှိတာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီ ဆိုပြီး ပြောင်းလဲကာ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်တင်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီတည်ထောင်ခွင့် ပြုခဲ့ပါတယ်။
အဲဒီနောက် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တာဖြစ်လို့ ပါတီတစ်ခုရဲ့ နာမည်အဖြစ် အသုံးမပြုသင့်ဘူးဆိုပြီး လူဦးရေ ၂၀၀ ကျော်က လက်မှတ်ထိုးကန့်ကွက်တာတွေ ရှိလာတာကြောင့် ဇူလိုင်လ ၁၃ ရက်နေ့မတိုင်ခင် ပြန်လည်ပြင်ဆင်ပေးဖို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပါတီဖြစ်မြောက်ရေး ဦးဆောင်သူတွေထံ ညွှန်ကြားထားတာဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်ကို ပြန်လည်သုံးသပ်ပေးဖို့ ကော်မရှင်နဲ့ တွေ့ဆုံတင်ပြခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတဲ့အပြင် ဇူလိုင်လ ၁၃ ရက်နေ့နောက်ဆုံး မပြောင်းလဲရင် ပါတီတည်ထောင်ခွင့် ရုပ်သိမ်းခံရမှာဖြစ်ပါတယ်။