“ပြည်သူ့ပါတီ” တရားဝင် မှတ်ပုံတင်ခွင့်ရပြီ
2018.08.24

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်တဲ့ “ပြည်သူ့ပါတီ” ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် အသိအမှတ်ပြုကြောင်း နိုင်ငံပိုင်သတင်းစာမှာ ကြေညာလိုက်ပါတယ်။
ပါတီမှတ်ပုံတင်ခွင့် ကျလာပြီဖြစ်တဲ့အတွက် ပါတီဝင်အင်အား ၁ဝဝဝ စာရင်းကို မကြာခင်အချိန်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမယ်လို့ ပါတီရဲ့ ဒုခေါင်းဆောင် ဦးရဲနိုင်အောင်က RFA ကို ဒီနေ့ ပြောပါတယ်။
“မှတ်ပုံတင်ခွင့်ရတဲ့အတွက် ကျနော်တို့ပါတီနာမည် သုံးလို့ရပြီ။ စည်းရုံးရေးလုပ်လို့ ရပြီ။ လူ ၁ဝဝဝ စာရင်းကို ကျနော်တို့က သုံးလအတွင်း တင်ရမှာကိုး။ ဒါပေမဲ့ ကျနော် သုံးလ မကြာပါဘူး၊ ခပ်မြန်မြန်သွက်သွက်ပါပဲ။ ဖြစ်မြောက်ရေးအတွက်လုပ်ထားတဲ့ မြို့နယ်တွေက အများကြီးရှိတဲ့အတွက် ဒါကို ကျနော်တို့က မြန်မြန်တင်လိုက်မယ်ပေါ့ဗျာ”
၈၈၈၈ ပါတီ၊ ၈၈၈၈ ပြည်သူ့ပါတီဆိုတဲ့ အမည်တွေနဲ့ မှတ်ပုံတင်ခဲ့ရာမှာ ကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့် နောက်ဆုံး “ပြည်သူ့ပါတီ” လို့ အမည်ပြောင်းလဲ လျှောက်ထားခဲ့ပြီး၊ အဲဒီအမည်ကို ကန့်ကွက်သူမရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မနေ့ကရက်စွဲနဲ့ ပါတီတည်ထောင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
တရားဝင်မှတ်ပုံတင် ရရှိပြီဖြစ်တာကြောင့် ပါတီခိုင်မာအောင် တည်ဆောက်ရေးနဲ့ ပါတီမူဝါဒအရ တခြားနိုင်ငံရေး ပါတီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မဟာမိတ်ပြုရေးတွေအပြင်၊ လာမယ့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။
ပြည်သူ့ပါတီဟာ မှတ်ပုံတင်ခွင့်ရဖို့ ဆောင်ရွက်ခဲ့စဉ်က ပါတီဖြစ်မြောက်ရေးရုံးတွေကို စစ်ကိုင်းတိုင်းဒေသကြီးကလွဲလို့ နေပြည်တော်အပါအဝင် ကျန်တဲ့တိုင်းဒေသကြီး ၆ ခုမှာ ဖွင့်လှစ်ထားပြီး၊ ပြည်နယ် ၇ ခုထဲမှာ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရုံးခန်းတွေ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။