ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင်စီ ကြေညာ

RFA Burmese
2023.12.30
ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင်စီ ကြေညာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး။
ပြည်သူ့ပါတီ

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံရေးပါတီတွေ ပြန်ပြီးမှတ်ပုံတင်ဖို့ စစ်ကောင်စီက ကြေညာပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လထဲမှာပဲ ပြည်သူ့ပါတီဟာ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဝင်မယ့် ပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားခဲ့တာပါ။

အဲဒီနောက် မှတ်ပုံတင်လျှောက်ထားပြီး ရှစ်လကျော်အကြာမှာတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့တယ်လို့ ပြည်သူ့ပါတီ တည်ထောင်သူ ဒုတိယခေါင်းဆောင် ဦးကျော်လင်းက RFA ကို ပြောပါတယ်။

“နိုင်ငံရေးပါတီ မှတ်ပုံတင် ကျလာပါပြီ။ ပါတီမှတ်ပုံတင်ဆိုင်ရာ ဥပဒေအတိုင်း ကျွန်တော်တို့ နိုင်ငံတစ်ဝန်း ပါတီရုံးခန်းတွေ ဖွင့်တာ။ ပါတီဝင်အင်အား စည်းရုံးတာတွေ လုပ်ဖို့ရှိပါတယ်။ ဒီနေ့အချိန်မှာ ဒါတွေက စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း ကျော်ဖြတ်နိုင်မှာပါ”

ပါတီဝင် အင်အားတွေ စုစည်းဖို့နဲ့ ပါတီရုံးခန်းတွေ ဖွင့်နိုင်ဖို့လည်း အမြန်ဆုံး လုပ်ဆောင်မှာဖြစ်ပြီး ပါတီဝင် ရဲဘော်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်မယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅(စ)မှာတော့ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီဟာ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရက်ပေါင်း ကိုးဆယ်အတွင်း ပါတီဝင်အင်အား တစ်သိန်းနဲ့ ပုဒ်မ ၅ (ဇ) မှာတော့ ပါတီမှတ်ပုံတင်ခွင့်ပြုပြီးတဲ့ ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်အားလုံးရဲ့ ထက်ဝက် ပါတီရုံးခန်းတွေ ဖွင့်ရမှာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ခုခံတော်လှန်မှုတွေ ကြုံနေရချိန် စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် နိုင်ငံတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအတွက် ပါတီဝင်အင်အား စုဆောင်းတာ၊ ပါတီရုံးတွေ ဖွင့်လှစ်တာတွေအတွက် အခက်ကြုံနေရတာပါ။

စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၄၇ ခု ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။