ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ PPP ပါတီ ကော်မရှင်ထံ တောင်းဆို
2020.09.11

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ရွှေ့ဆိုင်းပေးဖို့ PPP က မနေ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာပါ။
ဒီကိစ္စကို ပြည်သူ့ရှေ့ဆောင်ပါတီ တစ်ခုတည်းက စဉ်းစားတာမဟုတ်ဘဲ ပါတီအတော်များများက ရွေးကောက်ပွဲ ကော်မရှင်ကိုပြောဖို့ အစီအစဉ်ရှိတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ၅၈ ရက်အလိုက်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ PPP ပါတီဟာ ကိုယ်စားလှယ်လောင်း ၂၃၉ ယောက် ဝင်ပြိုင်ဖို့ လျာထားတဲ့အထဲမှာ ကော်မရှင်က သုံးယောက်ကို ပယ်ချခဲ့ပြီး နှစ်ယောက်ကတော့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုဗစ် ၁၉ ကြောင့် ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ် အတော်များများကို Stay at Home နေအိမ်တွေမှာပဲနေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ထားတာကြောင့် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ အခက်အခဲဖြစ်သွားတယ်လို့ ကော်မရှင်ကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင်လည်း လူစုလူဝေးကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု ပိုများလာနိုင်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခဲယဉ်းသွားမယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စ ုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဖုန်းနဲ့မေးမြန်းဖို့ ဆက်သွယ်ရာမှာ အစည်းအဝေးရှိတယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း လက်ရှိအခြေအနေအပေါ် မူတည်ပြီး ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တစ်စုံတစ်ခုလုပ်ဆောင်ဖို့ သူတို့ပါတီက အကြံပြုထားတယ်လို့ ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက်အထိ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂ ထောင်ကျော်ရှိပြီး သေဆုံးသူ ၁၄ ဦးနဲ့ စောင့်ကြည့်လူနာ ၉ ထောင်နီးပါးရှိပြီဖြစ်ပါတယ်။
မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ နေအိမ်တွေမှာပဲ နေကြဖို့ အစိုးရက သတိပေးထားသလို ဒီနေ့မှာဆိုရင် ရပ်ကွက်အတော်များများနဲ့ လမ်းတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ပိတ်ဆို့ကန့်သတ်တာတွေ ရှိနေပါတယ်။