နိုင်ငံတကာက ရှစ်လေးလုံး အခမ်းအနားများ

မဲဆောက်မြို့က ၈၈ မျိုးဆက် ကျောင်းသားတွေ စုပေါင်းပြီး ရှစ်လေးလုံး အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ရဟန်း ရှင်လူ ပြည်သူနဲ့ ကျောင်းသားတွေအတွက် ရည်စူးပြီး မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ရုံးခန်းမှာ သံဃာတော် (၄) ပါးပင့်ဖိတ် ဆွမ်းကပ်ပြီး မွန်းလွဲပိုင်းမှာတော့ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပခဲ့ပါတယ်။

2012.08.08
8888-anniversary-thai-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သော ၈၈၈၈ အခမ်းအနားတွင် မြန်မာ့ဒီမိုကရေစီ အင်အားစုက တောင်းဆိုချက်များ ထုတ်ပြန်နေစဉ်။
RFA

၈၈ မျိုးဆက် ကျောင်းသား ကိုသံဒုတ်က -

"ကျွန်တော်တို့ မရောက်သေးတဲ့ ပန်းတိုင်ကို စစ်အာဏာရှင်တွေကနေ ဘယ်လို နည်းပရိယာယ်နဲ့ပဲ ကျင့်သုံးကျင့်သုံး ကျွန်တော်တို့ သတိရှိဖို့ လိုတယ်။ ကျွန်တော်တို့တတွေဟာ စည်းလုံးညီညွတ်မှုကို ဆက်လက်ပြီး ကိုင်စွဲဖို့လိုတယ်။ နောက်တချက် ဒီကနေ့ ကာလဟာ ကျွန်တော်တို့ အားလုံး စည်းလုံးညီညွတ်မှုနဲ့ သံဓိဋ္ဌာန် ပိုပြီးတော့ချမှတ်၊ ပိုပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ချီတက် ရလိမ့်မယ်"

ရှစ်လေးလုံး အခမ်းအနားကို တရုတ် မြန်မာနယ်စပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ မြောက်ပိုင်း ကျောင်းသား တပ်မတော်ဌာနချုပ်မှာလည်း စစ်ရေး တင်းမာနေတဲ့ကြားကနေ ကျင်းပကြပါတယ်။

ABSDF မြန်မာပြည် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက -

"ရှစ်လေးလုံးက ရခဲ့တဲ့ သမိုင်းပေးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ပြန်လည်ပြီးတော့ ဝေငှကြတယ်။ တက်ရောက် လာကြတာကတော့ မဟာမိတ် ကေအိုင်အို၊ ကေအိုင်အေ။ နောက် တော်လှန်ရေး အဖွဲ့အစည်းမှာ ရောက်နေတဲ့ ရခိုင့်တပ်မတော်၊ နောက် ချင်းအမျိုးသား တပ်ဦး၊ အမျိုးသမီး အစည်းအရုံး၊ လူငယ် အသင်းအဖွဲ့တွေနဲ့ လိုင်ဇာမြို့မှာရှိတဲ့ ရပ်မိရပ်ဖ ပြည်သူလူထု အပေါင်းနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ ကျောင်းသား တပ်မတော် မြန်မာပြည် မြောက်ပိုင်းရဲ့ ဌာနချုပ်မှာ ကျွန်တော်တို့ ရဲဘော် ရဲမေတွေနဲ့ ပူးပေါင်း ကျင်းပတဲ့ နိုင်ငံရေး အခမ်းအနား ဖြစ်ပါတယ်"

အခမ်းအနားမှာ ကာတွန်း၊ ကဗျာ စတဲ့ နံရံကပ် ပိုစတာတွေ ပြသထားပြီး လူ ပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

အလားတူပဲ ကချင်ပြည်နယ် မိုးကောင်းမြို့ အင်န်အယ်ဒီ အဖွဲ့ဝင်တွေကလည်း ၈ လေးလုံးမှာ ကျဆုံးသွားသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အလှူဒါနများ ပြုလုပ်ကာ ၈ လေးလုံး အခမ်းအနားကို ကျင်းပကြကြောင်း အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုဝင်းအောင်က ပြောပါတယ်။

အိန္ဒိယမြို့တော် နယူးဒေလီ ဂျန်တာမန်တာ ပန်းခြံရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) ကနေ ဦးဆောင်ပြီး နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အယောက် ၅၀ ကျော်တို့က ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ABSL ခေါင်းဆောင် ကိုကျော်သန်းက -

“၈၈ အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့က ၈၈ ရဲ့ ရည်မှန်းချက် အစစ်အမှန်ဖြစ်တဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆိုတဲ့ ရည်းမှန်းချက်တွေကို ပြန်လည်ဖော်ထုတ်တာပါပဲ။ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားနေတဲ့ ဖြစ်စဉ်တွေကို အယုံအကြည်မရှိဘူး။ ကျွန်တော်တို့ ၈၈ တုန်းက ရည်မှန်းခဲ့တဲ့ လူတွေ အသက်ချွေး ထောင်သောင်းချီပြီးတော့ အသက်ဆုံးရှုံးခံခဲ့တဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ရည်မှန်းချက်ကို ပြည့်မီနိုင်ခြင်းမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုက်ဖို့ဆိုတာရယ်၊ စစ်အာဏာရှင်စနစ်ကို ပြန်ပြီးတော့ တိုက်ဖို့ဆိုတာရယ်၊ ပြန်ပြီးတော့ ၈၈ ရဲ့ ကြွေးကြော်သံတွေကို ကျွန်တော်တို့က ဖော်ထုတ်တဲ့ သဘောပါဘဲ"

အလားတူ အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာလည်း ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် စကားဝိုင်းနဲ့ ပန်းချီပြပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။