နိုင်ငံတလွှွားက ရှစ်လေးလုံး အခမ်းအနားများ

၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အမှတ်တရ အခမ်းအနားတွေကို မြန်မာနိုင်ငံရဲ့ မြို့နယ်အနှံ့အပြားမှာ တစ်စုံတစ်ရာ တားဆီး နှောင့်ယှက်မှု မရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့် ရခဲ့ပါတယ်။

2012.08.08
8888-annivesary-n-oakkala-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က မြောက်ဥက္ကလာပမြို့နယ်၌ ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား ကျင်းပနေစဉ်။
RFA

မကွေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပြီး မြို့ခံ လူထု ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ NLD ပါတီရဲ့ စည်းရုံးရေး အဖွဲ့ဝင် ဦးအေးခိုင်က RFA ကို ပြောပါတယ်။

"ဒီနေ့တိုင်းပြည်ဟာ ပြောင်းလဲမှုလေး မျိုးစေ့လေး စလိုက်တာပေါ့လေ။ ဦးနေဝင်း လက်ထက်ကနေပြီးတော့ ယခုအချိန်အထိ ကျွန်တော်တို့ ဒီလိုမျိုး အခြေအနေမျိုးလေးကို မရခဲ့ပါဘူး။ ပြည်သူလူထုတွေအားလုံး၊ အဖွဲ့အစည်းတွေ အားလုံးက ဒီအရွေ့လေးကို ဝိုင်းပြီးတော့ ရွေ့စေချင်တဲ့ စိတ်ကလေး ရှိစေချင်ပြီးတော့ ရှစ်လေးလုံးကိုလည်း အမှတ်တရ ဖြစ်စေချင်တယ်။ ရွေ့တဲ့ အရွေ့လေးကို အားလုံးပါဝင်တဲ့ အရွေ့လေး ဖြစ်အောင် ကျွန်တော်တို့ တစ်မြို့လုံးက ပြည်သူလူထုကို ဖိတ်တယ်။ အားလုံးက အရွေ့လေးကို ဝိုင်းတွန်းပေးနိုင်ရင် ကျွန်တော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သေချာပေါက် ရောက်မယ်လို့ ခံယူချက်နဲ့ ဒီကိစ္စလုပ်တာပါ"

မကွေးမြို့က ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းမှာ ပြုလုပ်တဲ့ ရှစ်လေးလုံး အခမ်းအနားကိုတော့ မြို့ခံလူထု ၅၀ ကျော်တက်ရောက်ခဲ့ပြီး၊ ရဟန်း သံဃာတော်တွေကို ဝါဆိုသင်္ကန်းနဲ့ ဆွမ်းကပ်လှူခဲ့ကြောင်း မကွေးမြို့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုသူရက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ ဒီ ၂၄ နှစ်မြောက်ပေါ့နော်၊ ငွေရတု ရှစ်လေးလုံးနေ့နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဟာ မကွေးမြို့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေးမှာ ကျွန်တော်တို့ သံဃာ ဆရာတော် ၅ ပါးကို ပင့်ပြီး ဝါဆိုသင်္ကန်း ကပ်တယ်။ ဘုန်းကြီးဆွမ်းကပ်တယ်ပေါ့ ခင်ဗျာ။ ရှစ်လေးလုံးနေ့  နှစ်ပတ်လည်မှာ ကျွန်တော်တို့ အနေနဲ့ တောင်းဆိုချင်တာကတော့ နိုင်ငံရေးကြောင့် အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျတဲ့လူတွေ၊ နိုင်ငံရေးကြောင့် အကျဉ်းကျတဲ့လူတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတကြီးကို ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်"

ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့မှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနား မကျင်းပဖို့ တားမြစ်ခံရပေမယ့်လည်း ဒီကနေ့ မနက်မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ၊ ၈၈ ကျောင်းသားဟောင်းတွေ စုပေါင်းပြီး ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနား အပြီးမှာ တွံတေး ရွှေဆံတော်ဘုရားကို လမ်းလျှောက် ချီတက်ခဲ့ကြပြီး အကျဉ်းထောင်တွင်း ကျန်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ကို ဆုတောင်း ဆန္ဒပြုခဲ့ကြောင်း ၈၈ အရေးတော်ပုံ သပိတ်ခေါင်းဆောင်ဟောင်း ဦးမြင့်စိုးက RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်က ဥတ္တရခန်းမမှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို NLD ပါတီဝင်တွေ၊ ရှစ်ဆယ့်ရှစ် အရေးတော်ပုံမှာ တက်တက်ကြွကြွ ပါဝင်သူတွေ၊ မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ အဖွဲ့ဝင်တွေ စုပေါင်းကျင်းပခဲ့ပြီး ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလက ကျဆုံးခဲ့သူတွေ အမှတ်တရ ကျောက်တိုင်ဟောင်း နေရာမှာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ ကဗျာဆရာ သစ္စာနီက ရှစ်လေးလုံး နှစ်ဆယ့်လေးနှစ် အကြာမှာ မြင်နေရပြီ ဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်ကို မဆိုက်ရောက်ခင် တက်မထောင်ကြဖို့ သတိပေး ပြောကြားခဲ့ပါတယ်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာရှိတဲ့ ပေါင်းတည်မြို့နယ်မှာလည်း ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးနဲ့ မင်္ဂလာဇေယျုံ ပညာဒါန ဘုန်းကြီးကျောင်းတို့မှာ နှစ်နေရာခွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပေါင်းတည်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝင်းနိုင်က RFA ကိုအခုလို ပြောပါတယ်။

"ပေါင်းတည်မှာ ၂၄ နှစ်မြောက် ငွေရတု ရှစ်လေးလုံး နှစ်ပတ်လည် ကျွန်တော်တို့ နှစ်နေရာခွဲပြီး ကျင်းပတယ်။ တစ်နေရာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး နောက်တစ်နေရာက မင်္ဂလာဇေယျုံ ပညာဒါနကျောင်းမှာ ဖြစ်ပါတယ်။ အဲဒီမှာ ရန်ကုန်က ရောက်လာတဲ့ ဒေါပုံမြို့နယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကော်မရှင်အဖွဲ့ဝင် ဖြစ်တဲ့ ကိုကျော်ကျော်လင်း ရောက်လာပါတယ်။ လူဦးရေကတော့ ဒီနေရာမှာ ၂၀၀ လောက်ရှိမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာက ၁၀၀ ကျော်ရှိတယ်"

ရှမ်းပြည်နယ် တောင်ပိုင်းက တောင်ကြီးမြို့၊ စိန်ပန်းရပ်က လောကမာန်အောင်ကျောင်းမှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့ပြီး မြို့ခံ တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာနဲ့ ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဖွဲ့(ရတလဖ)က ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ တောင်ကြီးမြို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးက RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဌာနချုပ်ရုံးမှာ ရှစ်လေးလုံး အမှတ်တရနေ့ကို ကျင်းပခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတို့က သူတို့တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်လည် ပြောကြားခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခိုင်ပြည်စိုးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ ၂၄ နှစ်တာ ကာလမှာ ဒါပထမဆုံးအကြိမ် ကျွန်တော်တို့ လုပ်တာပေါ့ဗျာ။ ၈၈ လူထုဆန္ဒပြမှုကြောင့် ဒီနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တစ်စုံတစ်ရာ ရလာတယ်လို့ ကျွန်တော် အဲသလို မြင်တယ်။ နောက်ပိုင်းမှာ မွေးဖွားလာတဲ့ ကလေးတွေက မသိကြတော့ဘူလေ။ အဲဒါကြောင့်မို့လို့ သမိုင်းကြောင်းတွေကို ပြန်လည်ပြီး သိရှိလာအောင်အတွက် ကျွန်တော်တို့ ဒီရှစ်လေးလုံး အမှတ်တရနေ့ ကျင်းပရခြင်း ဖြစ်ပါတယ်"

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က NLD ပါတီဝင်များကလည်း ရှမ်ဘူရပ်ကွက်မှာရှိတဲ့ မေတ္တာစိမ့်စမ်း မိဘမဲ့ဂေဟာမှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သလို မိဘမဲ့ ကလေးများကို အဝတ်အထည်နဲ့ စားသောက်ဖွယ်ရာတွေ လှူဒါန်းခဲ့တယ်လို့ မြစ်ကြီးနားမြို့က NLD ပါတီဝင် ဦးချစ်အေးက RFA ကိုပြောပါတယ်။

"ဒီမိုကရေစီ လမ်းကြောင်းကို ခင်းပေးခဲ့တဲ့ ဟိုးလွန်ခဲ့တဲ့ ၂၄ နှစ်က ရဟန်းရှင်လူ ကျောင်းသား ပြည်သူ လူသားအပေါင်းတို့ရဲ့ သွေးတွေနဲ့ ခင်းခဲ့တာလေးကို သူတို့ရဲ့ ကျေးဇူးကို အထူး အောက်မေ့ပြီးတော့မှ သူတို့ကို ရည်စူးသမှု ပြုပြီးတော့ ဒီမိဘမဲ့ ဂေဟာမှာ ဦးတို့ NLD တွေအနေနဲ့ တတ်နိုင်စွမ်းသလောက် လာရောက် လှူဒါန်းခြင်း ဖြစ်ပါတယ်"

ဒီကနေ့ မြန်မာနိုင်ငံက မြို့အနှံ့မှာ ကျင်းပတဲ့ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားတွေကို အာဏာပိုင်တွေဘက်က တားဆီးနှောင့်ယှက်ခြင်း မပြုပေမယ့်လည်း အသင့်အနေအထားနဲ့ စောင့်ကြည့်တာမျိုးတွေ၊ အခမ်းအနား ကျင်းပတဲ့ နေရာတွေကို လာရောက် ဓာတ်ပုံရိုက် မှတ်တမ်းယူတာမျိုးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။