ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၈ လေးလုံး အခမ်းအနားကျင်းပ
2012.08.05
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့မှာ ကျင်းပတဲ့၈ လေးလုံး အခမ်းအနားကို ရွှေညဝါ ဆရာတော်လည်း ကြွရောက်ခဲ့ပါတယ်။ ဆရာတော်က ပြည်ပမှာ အတတ်ပညာ အတွေ့အကြုံ လေ့လာ ဆည်းပူးခွင့် ရသူတွေအနေနဲ့ ပြည်တွင်းက သံတိုင်ကြားမှာ အချိန်တွေ ပေးဆပ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် နေ့စဉ်နဲ့အမျှ ကြိုးပမ်း ရုန်းကန် အားထုတ်နေသူတွေကို တန်ဖိုးထား အလေးထားကြဖို့ ဟောပြော မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။
အလားတူ Sydney မြို့မှာလည်း ABSDF အဖွဲ့က ဦးစီးတဲ့ ၈ လေးလုံး အခမ်းအနားကို ကျင်းပခဲ့ရာမှာ ABSDF ဥက္ကဋ္ဌ ကိုသံခဲက ဗီဒီယိုနဲ့ အမှာစကား ပြောကြားပြီး မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးနေတဲ့ Australia အထက်လွှတ်တော် အမတ် Dr.John Kaye နဲ့ Burma Office တာဝန်ခံ ဒေါက်တာ မြင့်ချိုတို့အမှာစကား ပြောကြားခဲ့ပါတယ်။
Perth မြို့မှာကျင်းပတဲ့ အခမ်းအနားမှာတော့ ‘ကျွနု်ပ်တို့ရဲ့လူ့ဘောင်’ အမည်နဲ့ စကားဝိုင်း တစ်ခုလည်း ဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ် ပါတီဝင် ဦးသိန်းလွင်က ပြောပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာလည်း BSDO မြန်မာကျောင်းသားများ ဒီမိုကရက်တစ်အဖွဲ့(ကနေဒါ) က ဦးဆောင်ပြီး ၈ လေးလုံးနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ အိန္ဒိယ မြန်မာနယ်စပ်က မိုရေးမြို့မှာတော့ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဒီအခမ်းအနားကို မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးတဲ့ The Solidarity Communities for Burma မြန်မာနိုင်ငံ သွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးဆောင်ပြီး မိုရေးမြို့ အိုင်ရာဝမ်လမ်းမှာရှိတဲ့ လူမှုရေးသိပ္ပံ လေ့လာရေးဌာနမှာ ကျင်းပမယ်လို့ သိရပါတယ်။