စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်မယ်လို့ ABSDF ပြော

RFA Burmese
2024.11.01
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်မယ်လို့ ABSDF ပြော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ ABSDF Photo

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပပျောက်ရေးအတွက် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ နိုဝင်ဘာလ ၁ ရက် ဒီနေ့ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီ ပြုတ်ကျပြီး ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ ဘက်ပေါင်းစုံကနေ အရှိန်မြှင့် ဆောင်ရွက်ရမဲ့ အချိန်ရောက်နေပြီလို့လည်း ABSDF က ပြောပါတယ်။

ABSDF အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့် ကျင်တော်လှန်ရေးအတွက် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့အတူ လက်တွဲပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် မျိုးဆက်သစ်တွေဟာ လက်တွေ့ တိုက်ပွဲဝင်နေကြတယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးခရီး ၃၆ နှစ်တာအတွင်းမှာလည်း ABSDF ရဲဘော် ၈၂၆ ဦးသေဆုံးပြီး ၄၃၅ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ABSDF တည်ထောင်ခြင်း ၃၆ နှစ်ပြည့်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ၊ PRA-Magway ၊ BLDF စတဲ့အဖွဲ့တွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

ABSDF ဟာ မြန်မာ့လက်နက်ကိုင် တော်လှန်ရေးသမိုင်းမှာ ကျောင်းသားကိုယ်စားပြု တပ်အဖြစ် ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေနဲ့ လူငယ်တွေ စုစည်းပြီး ABSDF ကို ထူထောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။