၃၅ နှစ်ပြည့် ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှုတွေ နေရာအနှံ့မှာ ပြုလုပ်ဖို့ရှိ
2023.08.07

ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံ လူထုလှုပ်ရှားမှု (၃၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၈ ရက်နေ့မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နိုင်ငံတစ်ဝန်းပြုလုပ် သွားမယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ သပိတ်အင်အားစုတွေက ပြောပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ အထင်ကရဖြစ်ပြီး လူတန်းစားမျိုးစုံ၊ အလွှာပေါင်းစုံပါဝင်ခဲ့တဲ့ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံ လူထုလှုပ်ရှားမှုဟာ ဩဂုတ်လ ၈ ရက် မနက်ဖြန်မှာ ၃၅ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရှစ်လေးလုံး (၈၈၈၈) အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတွေကို ရတဲ့နေရာကနေ ပါဝင်သွားမယ်လို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြသပိတ်လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ပြရော၊ ကျေးလက်ရော ပါဝင်ဆင်နွှဲကြမယ် ထင်ပါတယ်။ အဓိက ကတော့ ဗီနိုင်း တွေ ချိတ်တာနဲ့ စစ်ကောင်စီကို တော်လှန်ပုန်ကန်တဲ့စာတွေ ချိတ်ဆွဲမယ်။ လူစည်ကားရာ ဈေးလိုနေရာမျိုးတွေမှာ ပန်းဖလက်ဝေမယ်၊ ဒါတွေကလည်း ပုံသေ ပြောလို့၊ တွက်လို့မရပါဘူး။ အကုန်လုံးချိတ်ဆက်ပြီး စစ်ကောင်စီ လုံခြုံရေးအခြေအနေ ကို ကြည့်ပြီးမှ လှုပ်ရှားရမှာပါ"
စစ်ကောင်စီဘက်ကတော့ နိုင်ငံအတွက်အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လို ရက်၊ စစ်အာဏာသိမ်း နှစ်ပြည့်တဲ့ရက်နဲ့ အခုလို ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပြည့်တဲ့ရက်တွေ မှာ အင်အားအလုံးအရင်းနဲ့ စောင့်ကြည့်နေတတ်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရှစ်လေးလုံးအထိမ်းအမှတ် ရေးသားတာနဲ့ ဖြန့်ဝေရင် အကြမ်းဖက် ဥပဒေအရ အရေးယူခံရမယ်လို့ ဩဂုတ်လ ၇ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ ရေးသား ထားပါတယ်။
စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းတာ၊ ဖမ်းဆီး အရေးယူတာတွေကို နည်းလမ်းပေါင်းစုံအသုံးပြုပြီး ဖြိုခွဲလေ့ရှိပေမယ့် ရတဲ့နည်းနဲ့ လှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ သပိတ်အင်အားစုတွေက ပြောပါတယ်။