မုံရွာရှစ်လေးလုံးဆန္ဒပြ လူငယ်သုံးဦး ပစ်ခတ်ဖမ်းဆီးခံရ

RFA Burmese
2023.08.08
မုံရွာရှစ်လေးလုံးဆန္ဒပြ လူငယ်သုံးဦး ပစ်ခတ်ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အမြင့်လမ်းကျေးရွာတွင် ၃၅နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီနှင့် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆော်မတီတို့ပူးပေါင်းကာ ဩဂုတ်လ ၈ ရက်နေ့က ဆန္ဒပြနေကြစဉ်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဩဂုတ် ၈ ရက် ညနေပိုင်းက ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၃၅) နှစ်ပြည့် ဆန္ဒပြပွဲကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် လူငယ်သုံးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က သတင်းထုတ်ပြန်ထားပါတယ်။

လူငယ် သုံးယောက် သေနတ်မှန်ပြီး အဖမ်းခံလိုက်ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူ ကိုခန့်ဝေဖြိုးက RFA ကို အတည်ပြုပြောပါတယ်။

"ဒီညနေ မုံရွာမှာပြုလုပ်တဲ့ ရှစ်လေးလုံးအထိမ်းအမှတ်ဆန္ဒပြရာမှာ စစ်ကောင်စီက လာရောက်ပစ်ခတ်ဖမ်းဆီးတာလုပ်တယ်၊ လူငယ် သုံးဦး သေနတ်မှန်ပြီး အဖမ်းခံရတာရှိတယ်၊ သေလား ရှင်လားမသိရသေးဘူး၊ အသေးစိတ် မသိရသေးဘူး"

ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် မုံရွာမြို့ ကန်သာယာနဲ့ ပြည်ထောင်စုလမ်းမ တစ်နေရာမှာ ဆန္ဒပြနေစဉ် အိမ်စီးကားတစ်စီးရောက်လာပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံလိုက်ရသူတွေနဲ့ပတ်သက်လို့ အတိအကျမသိရသေးပါဘူး။

ရှစ်လေးလုံးအရေးတော်ပုံ (၃၅) နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုတွေကို စစ်ကောင်စီ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

လူအသွားအလာများတဲ့ နေရာတွေမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ စာတန်းချိတ်ဆွဲတာ၊ ထီးသပိတ်အပြင် အသစ်ထုတ်ဝေထားတဲ့ ငွေကျပ်နှစ်သောင်းတန်ပုံစံတွေကို မီးရှို့ဖျက်ဆီးတာ အပါအဝင် ပုံစံမျိုးစုံနဲ့ ဆန္ဒပြခဲ့ကြတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူပေါင်း ၂၄,၂၃၆ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။