ရန်ကုန် သပိတ်အဖွဲ့ဝင်နှစ်ဦးနဲ့ ဓာတ်ပုံဆရာတစ်ဦး ဖမ်းဆီးခံရ

2022.08.25
ရန်ကုန် သပိတ်အဖွဲ့ဝင်နှစ်ဦးနဲ့ ဓာတ်ပုံဆရာတစ်ဦး ဖမ်းဆီးခံရ ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့် အထိမ်းအမှတ် ထီးသပိတ်။
Photo - ရန်ကုန်လူထုသပိတ်

ရန်ကုန်က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသပိတ်အဖွဲ့ဝင် လူငယ်နှစ်ဦးနဲ့ ဓာတ်ပုံဆရာတစ်ဦးကို ဩဂုတ်လ ၂ဝ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ ရန်ကုန်လူထုသပိတ်အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

ရန်ကုန်လူထုသပိတ်အဖွဲ့လည်းဖြစ်၊ SMVTI Vocational Training Institute က ကျောင်းသားတစ်ဦးလည်းဖြစ်တဲ့ လူငယ်တစ်ဦးကို ရန်ကုန် တာမွေမြို့နယ်က နေအိမ်မှာ စစ်အင်အား အလုံးအရင်းနဲ့ အဲဒီနေ့ညက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကုန် မရန်းကုန်းမြို့နယ်က နေအိမ်မှာ ဓာတ်ပုံဆရာတစ်ဦးနဲ့အတူ SMVTI က နောက်ထပ်ကျောင်းသားတစ်ဦးကိုလည်း ဖမ်းဆီးသွားတာလို့ ရန်ကုန်လူထုသပိတ်ကပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေဟာ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ထီးသပိတ်မှာ ပါဝင်သူတွေဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေမှာ ရေးသားဖော်ပြနေကြပေမယ့် RFA ကတော့ အတည်မပြုနိုင်ပါဘူး။

အဖမ်းခံရတဲ့သူတွေအကြောင်း မေးမြန်းဖို့ ရန်ကုန်လူထုသပိတ်ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတွေထုတ်လွှင့်နေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို ဝေမျှနေကြပါတယ်။

အဲဒီဓာတ်ပုံတွေထဲမှာ ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦးဟာ ပါးစပ်ထဲက သွေးထွက်တဲ့အထိ အရိုက်ခံထားရတာ တွေ့ရပါတယ်။

အခုလိုရိုက်နှက်တာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“တခြားတစ်နေရာကို ဧည့်စာရင်းအကြောင်းပြပြီးတော့ အဲ့နယ်ထဲက ရှိတဲ့သူအိမ်ကို ဝင်စီးသွားတာလို့တော့ သိထားရတယ်။ ဒါက အကြမ်းဖက်လုပ်ရပ်လို့မြင်ပါတယ်။ ဆန္ဒပြတယ်ဆိုတာက ကျနော်တို့မကျေနပ်တဲ့အရာတွေကို အကြမ်းမဖက်တော်လှန်ရေးအနေနဲ့ ထုတ်ဖော်ပြောပြနေတာဖြစ်တယ်။ ဒီအရာကို အကြမ်းဖက် ဖမ်းဆီးစရာမလိုသလို ရိုက်နှက်ဖမ်းဆီးစရာလည်းမလိုပါဘူး။ ဒါဟာအကြမ်းဖက် လုပ်ရပ်လို့မြင်ပါတယ်။”

299659337_5385659431554320_5050872650724406662_n.jpg
စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦးဆိုသူ၏ တယ်လီဂရမ်အကောင့်တွင် ၂ဝ၂၂ ခုနှစ် သြဂုတ်၂၅ ရက်နေ့က ဖော်ပြထားသည့်ဓာတ်ပုံ။

စစ်ကောင်စီအနေနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ သပိတ်အင်အားစုတွေကို အခုရက်ပိုင်း လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ရှိလာနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းတွေအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့အထိ စစ်တပ်ရဲ့ လက်ချက်ကြောင့် လူပေါင်း ၂၂၄၈ ယောက်သေဆုံးခဲ့ရပြီး ၁၅၂၂၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။