လေကြောင်းဒဏ်ခံပြည်သူများအတွက် စက္ကူလေယာဉ်သပိတ်ပြုလုပ်
2024.04.17

မြန်မာနိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ အသက်ဆုံးရှုံးသွားသူများကို ဆုတောင်းမေတ္တာပို့သရေးလှုပ်ရှားမှုဖြစ်တဲ့ စက္ကူလေယာဉ်သပိတ်ကို မြန်မာနှစ်ဆန်း ၁ ရက်ဖြစ်တဲ့ ဧပြီလ ၁၇ ရက် ဒီနေ့မှာ ပြုလုပ်နေကြပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကို ဆုတောင်းမေတ္တာပို့သတာ၊ လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်တာနဲ့ စစ်ကောင်စီကို လေယာဉ်ဆီပိတ်ဆိုမှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုတာတို့ ပါဝင်ပါတယ်။
စက္ကူလေယာဉ်တွေ ခေါက်တာ၊ စက္ကူလေယာဉ်တွေပေါ်မှာ ဆုတောင်းစကားတွေ၊ တောင်းဆိုမှုစာသားတွေရေးပြီး လေထဲလွှတ်တင်တာ၊ အွန်လိုင်းမှာပေါ် ဓာတ်ပုံရိုက်တင်တာတို့ကို ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက ဒီနေ့မှာ တစ်ပြိုင်နက်တည်း ပြုလုပ်နေကြပါတယ်။
ဒီအပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို အရေးယူဖို့နဲ့ အသက်သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေနဲ့ ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့သတဲ့စာသားတွေကို လူမှုကွန်ရက်ပေါ်မှာ ရေးတင်တာမျိုးတွေလည်း ရှိနေပါတယ်။
“လေယာဉ်တွေမြင်တဲ့အခါ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေကို သတိရပေးပါ” လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးက ပြောထားပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာမျိုး မတွေ့ရသေးပါဘူး။
အာဏာသိမ်းကာလမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား သေဆုံးထိခိုက်က်မှုတွေ ရှိနေပြီး လူနေအိမ်တွေအပြင် စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေပါ ထိခိုက်ပျက်စီးမှုတွေရှိနေတာလို့ လေကြောင်းဒဏ်ခံနေရတဲ့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်အတွင်း လူအသေအပျောက် အများဆုံးဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုပါ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လူ ၁၇ဝ နီးပါး သေဆုံးခဲ့ပါတယ်။