ရွှေညဝါဆရာတော်အရေး ၈၈ ကျောင်းသားများ သဘောထားဖေါ်ထုတ်
2012.01.18

YPI
မနက်ဖြန် မွန်းလွဲပိုင်း ရန်ကုန် ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်း သံဃာ့ မဟာနာယက အဖွဲ့ရုံးမှာ ရွှေညဝါ ဆရာတော်ကို စစ်ဆေးကြားနာ အရေးယူဖို့ ရှိပါတယ်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အနေနဲ့ ဒီကနေ့ ညနေမှာ ရွှေညဝါ ဆရာတော်ကို သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဘယ်လိုပဲ ထွက်ပေါ်လာပါစေ ရွှေညဝါ ဆရာတော်နဲ့ အတူ တစ်သားတည်း ရပ်တည်သွားမှာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့
ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဂျင်မီက အာအက်ဖ်အေကို ပြောပါတယ်။
“ဆရာတော်ကြီးတွေက ခေါ်ယူဆိုဆုံးမမယ် ဆိုလို့ရှိရင် ရိုရိုကျိုးကျိုး နာခံပါ့မယ်၊ ဝန်ခံပါ့မယ် လို့လည်း ကျွန်တော်တို့ကို ပြောလိုက်ပါတယ်။ အဲဒီတော့ နက်ဖြန် ထွက်လာမယ့် အဖြေဟာ
အရေးယူတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ဆိုဆုံးမခြင်း ဆိုရင်တော့ ပိုပြီး သင့်တော်ပါလိမ့်မယ်။ အရေးယူတယ် ဆိုတာထက် ဆိုဆုံးမမှုကို ပြုလုပ်စေချင်တဲ့ သဘော ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောချင်တယ်ဗျ။
ဆရာတော် ဘုရားကြီးကိုလည်း လျှောက်ထားပါတယ်။ ဆရာတော် ဘုရားကြီးက မေတ္တာရဲ့ အင်အားကို အစွမ်းကုန် ပြသသွားမယ်၊ အနိမ့်ဆုံးဘဝ ရောက်ပါစေ၊ တရားတော်နဲ့ အညီ စိတ်ရှည် သည်းညည်းခံပြီး
သူ့ခန္တီစကို ပြသွားမှာ ဖြစ်တဲ့ အတွက် ဆရာတော် ဘုရားကြီး ဘယ်အခြေအနေပဲ ရောက်ရောက် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဆရာတော်ကြီးဟာ ဆရာ ဒကာဆိုတဲ့ သစ္စာတရားဟာ ဘယ်တော့မှ
ပျက်သွားမှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်”
ရွှေညဝါ ဆရာတော်ကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ပြီးခဲ့တဲ့နှစ် အတွင်း တရားဟောခွင့် ပိတ်ပင်ထားချိန်မှာ ဆရာတော်ကို မန္တလေးတိုင်း NLD ရုံးက ဆွမ်းပင့်ဖိတ်ခဲ့တဲ့ အတွက် ကြွရောက်ပြီး
တရားချီးမြှင့်ရာက ဆရာတော်ကို အခုလို အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာတာပါ။
ရွှေညဝါ ဆရာတော်ကို ဒီကနေ့ သွားရောက် ဖူးမြော်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |