၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော
2012.05.02
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဟိုပုံးမြို့က နောင်တောင်း ပရဟိတ တပ်ဦးကျောင်းမှာ ကျင်းပတဲ့ ဒီကနေ့ ဟောပြောပွဲမှာ တိုင်းရင်းသားလူငယ်တွေရဲ့ နိုင်ငံရေး အသိစိတ်ဓာတ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။
"သူတို့ အသေးစိတ်မေးတာမျိုးတွေ၊ ရှစ်လေးလုံး အရေးတော်ပုံ ဆိုတာတွေကို သူတို့ အင်မတန်သိချင်လို့ စူးစူးစမ်းစမ်း မေးတာမျိုးက အစပေါ့။ ပြီးတော့ ကျွန်တော်တို့ တတွေရဲ့ ဖြတ်သန်းမှုတွေ၊ ဒီနိုင်ငံရေး လှုပ်ရှားမှုမှာ သူတို့ဘယ်လို ပါဝင်ပတ်သက် နိုင်သလဲဆိုတာတွေ၊ အနာဂတ်အတွက် ပညာရေးစနစ် ဘယ်လိုပြောင်းလဲသင့်သလဲ ဆိုတာတွေ မေးခွန်းထုတ်ကြတယ်။ သူတို့ အနာဂတ်အတွက် ပြင်ဆင်ထားတာ တွေ့ရတယ်။ တစ်ခုပါပဲ သူတို့တွေက သမိုင်းအရ နားမျက်စေ့တွေ အပိတ်ခံထားရတာ ဆိုတော့ သမိုင်းမှာ သိသင့်သိထိုက်တာတွေ မသိခဲ့ရတာ အမှန်ပဲ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဒီ ၈၈ တလျှောက်လုံးပေါ့။ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကို ကျွန်တော်တို့ပြောနိုင်ခဲ့တယ်။ ပြီးတော့ ကျောင်းသားသမိုင်းကို သူတို့ကို ကျွန်တော်တို့ သိသမျှ ပြန်ပြီးမျှဝေနိုင်ခဲ့ပါတယ်"
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမင်းဇေယျတို့က မျိုးဆက်သစ်လူငယ်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ နောင်တောင်း ပရဟိတ တပ်ဦးကျောင်းအတွက် ကျပ် တစ်သိန်း အလှူငွေ ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ နောင်တောင်း ပရဟိတ တပ်ဦးကျောင်း ဆရာတော် အရှင်ရာဇိန္ဒသီရိက သြဝါဒစကား ပြန်လည်မိန့်ကြားပြီး ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆရာတော်က လက်ဆောင်ပစ္စည်းတွေ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ကိုမင်းကိုနိင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (၈) ဦးဟာ မနေ့ကလည်း ရပ်စောက်မြို့ မင်္ဂလာရန်အောင် စာသင်တိုက်မှာ ဒေသခံပြည်သူတွေ တောင်သူလယ်သမားနဲ့ ကျောင်းသား လူငယ်တွေနဲ့လည်း တရင်းတနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။