ဒီမိုကရေစီနဲ့ မကိုက်တဲ့ ဥပဒေတွေ ဖျက်ပေးဖို့ ဆန္ဒပြ
2014.01.05

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ အပါအဝင် နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့ ဥပဒေတွေ အားလုံး ဖျက်သိမ်းပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း အပါအဝင် အရပ်ဖက်လူမှု အဖွဲ့စည်းတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုလိုက်ကြ ပါတယ်။
ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ အနီးမှာ ထောင်ဂဏန်းလောက်ရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့စည်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ ဆန္ဒပြပွဲကနေ ခုလိုတောင်းဆိုခဲ့တာပါ။
အဲဒီဆန္ဒပြပွဲမှာ လတ်တလောနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာဟာ အရပ်ဖက်လူမှုအဖွဲ့စည်းတွေက တောင်းဆိုခဲ့လို့ဖြစ်ပြီး ဒီတောင်းဆိုမှုတွေဟာ နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခြင်း ဆိုတဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာတာရဲ့ အကျိုးရလာဒ်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောပါတယ်။
“ကတိအတိုင်း နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်လာပြီ၊ ဘာဖြစ်လို့ ဒီဘက်ကထပ်လုပ်စရာလိုသေးလဲလို့ မေးစရာရှိသေးတယ်၊ ဘာဖြစ်လို့လုပ်သလဲဆိုတော့ နံပါတ် ၁ ကတိကဝတ်ပြုထားတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတာကိုတော့ ကျနော်တို့ အသိအမှတ်ပြုရမယ်၊ ကောင်းပြီ၊ ဘယ်လိုအသိအမှတ်ပြုရမှာလဲဆိုတော့ တစ်ယောက်ယောက်က သနားပါတယ်ကွာဆိုပြီးတော့ ပေးလိုက်တာလည်း မဟုတ်ဘူး၊ အမှန်တကယ်က ကျနော်တို့ တိုက်ပွဲတွေဆင်ကြရတယ်၊ တောင်းဆိုကြရတယ်၊ အဲဒီအပေါ်မှာ သူတို့ကြားသွားသိသွားတဲ့အခါမှာ ဒါဟာဖြင့် ပြုပြင်ပြောင်းလဲရမယ့်ကိစ္စဖြစ်တယ်၊ စေ့စပ်ဆွေးနွေးရမယ့်ကိစ္စတွေဖြစ်တယ်၊ ပြီးတော့ ဒိုင်ယာလော့ ခေါ်တဲ့ အပြန်အလှန် စေ့စပ်ဆွေးနွေးညှိနှိုင်းပြီးတော့ အဲဒီယဉ်ကျေးမှုတစ်ခုရလာတယ်”
ဒါ့အပြင် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ တရားစွဲဆို ခံထားရသူတွေကို အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုခဲ့သလို ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲမှာ အရပ်ဖက် လူမှုအဖွဲ့အစည်း ၅၀ ကျော်ကလည်း ပူးပေါင်းပါဝင်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ အနုပညာရှင်တွေကလည်း ပူးပေါင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။