သားသမီး ကန့်သတ်မိန့် စစ်တွေခရိုင် NLD များ ထောက်ခံ
2013.05.31
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ-မွတ်စလင်တွေ တစ်အိမ်ထောင် ကလေး ၂ ဦးနှုန်းသာမွေးဖွားဖို့ ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲ ၈ ခုပေါင်းပြီး ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်အေးက RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ဆီမှာ ပြည်နယ်အစိုးရက အခြေအနေအရ လိုအပ်လို့ပေါ့၊ လူဦးရေထိန်းချုပ်ဖို့လည်း တကယ်ကိုလိုအပ်တယ်၊ အဲဒီအပိုင်းလည်းပြီးတော့ သူတို့စားဝတ်နေရေး၊ နေရာထိုင်ခင်းကအစပေါ့လေ ပတ်သက်ဆက်နွယ်နေတယ်၊ အဲဒါလည်း ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ဒေသန္တရအမိန့်ကို ကျနော်တို့အနေနဲ့ ထောက်ခံတယ်”
ရခိုင်ပြည်နယ်အတွင်း မောင်တောခရိုင်ဟာ မွတ်စလင်လူဦးရေများပြားပြီး မွေးဖွားနှုန်း မြင့်တက်လာတဲ့အတွက် ဒီဒေသန္တရအမိန့်ထုတ်ပြန်ချက်ဟာ ပထဝီနိုင်ငံရေးနဲ့ အမျိုးသားလုံခြုံရေးအရ လိုအပ်နေတာကြောင့် စစ်တွေ NLD ပါတီဝင်တွေအနေနဲ့ ထောက်ခံကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ကလေးမွေးဖွားခွင့် ကန့်သတ်လိုက်တာနဲ့ ပတ်သက်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီးဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ-မွတ်စလင်တွေ တစ်အိမ်ထောင် ကလေး ၂ ဦးနှုန်းသာမွေးဖွားဖို့ ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ရုံးခွဲ ၈ ခုပေါင်းပြီး မနေ့ကရက်စွဲနဲ့ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တချို့ရဲ့လုပ်ဆောင်မှုဖြစ်ပါတယ်လို့ NLD ပါတီ ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုက ပြောပါတယ်။
ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။